ရွှေဆိုင်ပိုင်ရှင်ကို ပစ်သတ်ပြီး ရွှေ ၃ ပိဿာ လုယူသူများ လွတ်မြောက်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်။
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ပေါ်တွင် နေ့ခင်းကြောင်တောင် ရွှေဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံ ရပြီး ရွှေ ၃ ပိဿာနှင့် မော်တော်ယာဉ်ပါ ဓားပြတိုက်လုယူခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကာ ကျူးလွန်သူ တရားခံ ၃ ဦးမှာ ယနေ့အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့မဈေးကြီးတွင် ‘ခေမာရဋ်’ ရွှေဆိုင်ဖွင့်လှစ်ထားသည့် အသက် ၄၀ အရွယ် ဆိုင်ပိုင်ရှင် ဦးစိုင်းယီသည် မိသားစုဝင် ၃ ဦးနှင့်အတူ ၎င်းတို့၏ နေအိမ်ရှိရာ ရပ်ကွက် (၃)၊ နောင်ခိုက်ရပ်ကွက်၊ ကျိုင်းငန်း ဝပ်အင်းလမ်းသို့ မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် အခင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နေအိမ်အနီးသို့ ရောက်ရှိစဉ် အမည်မသိ အမျိုးသား ၃ ဦးက PAJERO IO အမျိုးအစား မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက “လူမှုရေးအရှုပ်အရှင်း ဘာညာတော့ မကြားမိပါဘူး။ အေးအေးလူလူထဲကပဲ။ ရန်ငြိုးလည်း မရှိပါဘူး။ ခုတောင် အံ့အားသင့်နေကြတာ။ ပစ္စည်းလိုချင်လို့ လုပ်တာပဲ ဖြစ်မှာပါ။ ကျိုင်းတုံမှာ က ဒါတွေ မဆန်းတော့ပါဘူး။” ဟူ ပြောသည်။
ကျူးလွန်သူများသည် သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ကားပေါ်တွင် ပါလာသည့် ကျန်မိသားစုဝင် ၂ ဦးကိုပါ လမ်းပေါ်သို့ ကန်ချကာ ကားအတွင်းပါရှိသည့် ရွှေ ၃ ပိဿာခန့်နှင့်အတူ ၎င်းတို့ စီးနင်းလာသည့် မော်တော် ယာဉ်ကိုပါ လုယူမောင်းနှင် ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်သည်။
သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရသည့် ဆိုင်ပိုင်ရှင် ဦးစိုင်းယီမှာ အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။
ကျိုင်းတုံမြို့ခံတစ်ဦးကလည်း “ဓားပြတိုက်တာတော့ ခဏခဏပဲ။ သေတာတို့ သတ်သွားတာတို့ သိပ်မဖြစ်ဘူး။ မကြားတာ တော်တော်ကြာပြီ။ ဒီမှာက အဖွဲ့အစည်းများတော့ တစ်ခုခုဆို ပြောရခက်တယ်။ ဖြစ်ရင်လည်း စစ်တပ်က ကိုင်တာမဟုတ်တော့ တိုင်လို့တောလို့ သိပ်မထူးဘူး” ဟု ပြောသည်။
ကျိုင်းတုံမြို့သည် စစ်တပ်က မြို့ပြလုံခြုံရေးကို ထိန်းချုပ်ရန် ရုန်းကန်နေရသည့်အလျောက် ဒေသတွင်း အုပ်ချုပ်ရေးပိုင်းများတွင် စစ်တပ်အရာရှိများနှင့်အတူ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များကိုပါ တွဲဖက်ခန့်အပ် တာဝန်ပေးထားသည်။ သို့သော်လည်း မြို့ပေါ်နေရာအနှံ့အပြား၌ ခိုးဆိုးလုယက်မှုများနှင့် ရာဇဝတ်မှုပေါင်းစုံ မကြာခဏ ဆိုသလို ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ကလည်း ကျိုင်းတုံမြို့မဈေးအနီး၊ နားဟွေ့ရွာ၊ သစ်တောရုံးရှေ့ BOC လမ်းတွင် လမ်းလျှောက်လာသည့် ဒေသခံ ၂ ဦးကို အမည်မသိ လူ ၄ ဦးက ရှေ့နှင့်နောက် ညှပ်ပိတ်ရပ်ကာ ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်းကို ဓားပြတိုက်လုယူသွားသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိုင်းတုံမြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုအများစုမှာ တရားခံ ပေါ်ပေါက် ခြင်းနှင့် ဖမ်းဆီးရမိခြင်း မရှိသလောက် နည်းပါးသည့်အပြင်၊ ဖမ်းဆီးရမိသည့် တရားခံအနည်းစုကိုလည်း စစ်တပ်၏ ရဲစခန်းများက ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်း မြစ်များက ပြောသည်။