ဖားကန့်ရှိ ဘုန်းကြီးကျောင်းတွင် KIA လူသစ်စုဆောင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်။
ကချင်ပြည်၊ ဖားကန့်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း အတွင်းသို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဝင်ရောက်ကာ လူသစ်စုဆောင်းရန် ကြိုးပမ်းခဲ့မှုကြောင့် သံဃာတော်များ၊ ဒေသခံများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ဘာသာရေးပဋိပက္ခ သွေးခွဲမှုများ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ဘွမ်နန် (ခေါ်) မိုးကာကျေးရွာရှိ ဘုန်းကြီးကျောင်းတိုက်အတွင်းသို့ KIA တပ်ဖွဲ့ဝင်များ ရုတ်တရက် ဝင်ရောက်လာပြီး လူငယ်များကို ပစ်မှတ်ထားကာ အဓမ္မလူသစ်စုဆောင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ရာတွင် ကျောင်းထိုင်သံဃာတော်များနှင့် ဒေသခံများက ဝိုင်းဝန်းတားဆီးခဲ့သဖြင့် နှစ်ဖက် အငြင်းပွားကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
ဘုန်းကြီးကျောင်းနှင့် နီးစပ်သူ ဒေသခံတစ်ဦးက “ဦးဇင်းတစ်ပါးကို ဆောင့်တွန်းတယ်လို့ ပြောတယ်။ ပါးစပ်ကို အဝတ်နဲ့ဆို့ပြီး အတင်းဆွဲခေါ်တာ။ ဘုန်းကြီးတွေနဲ့ ဒေသခံတွေနဲ့ သူတို့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ဒဏ်ရာရကြ တာတော့ ရှိတယ်။ လူကတော့ တစ်ယောက်မှ ပါမသွားဘူး” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အခင်းဖြစ်ပွားရာနေရာရှိ လူငယ် ၄ ဦးခန့် ထိခိုက်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် လူမှု ကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။
ဆိုင်းတောင်ကျေးရွာရှိ လူမှုကူညီရေးအသင်းဝင်တစ်ဦးကလည်း “လူပါမသွားဘူးဗျ။ ထိခိုက်မိတဲ့သူတွေတော့ ဆေးရုံပို့လိုက်ပြီ။ ပိုက်ဆံကိစ္စ မဟုတ်ဘူး။ သက်သက်လူစုတာလို့ ပြောတယ်” ဟု အတည်ပြု ပြောဆိုသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်ခဲ့သော်လည်း ဆက် သွယ်၍ မရရှိသေးပေ။
သို့သော် ယခင်ဆက်သွယ်မေးမြန်းမှုများတွင် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လက်ရှိ ကာလ သည် အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် ဆင်နွှဲနေသည့် စစ်ပွဲကာလဖြစ်သဖြင့် တပ်သားသစ်စုဆောင်းမှုများ ရှိနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုထားသည်။
၎င်းက တပ်သားသစ်စုဆောင်းခြင်းမှာ ဖားကန့်တစ်ဒေသတည်းတွင်သာ မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ရှိနေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စစ်တပ်ဘက်ကရော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတိုင်းကပါ လူသစ်စုဆောင်းမှုများ ရှိနေကြပြီး၊ KIO/KIA အနေဖြင့်လည်း ၎င်းတို့ ထိန်းချုပ် နယ် မြေများအတွင်း အရွယ်ရောက်သည့် အမျိုးသားများကို စစ်မှုထမ်းရန် လူသစ်စုဆောင်းလေ့ရှိကြောင်း ပြောဆို ထားဖူးသည်။
ဒေသခံ တော်လှန်ရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “အဲ့ဒီ ဆိုင်းတောင်မှာက မနက်ခင်းဆိုရင် တိမ်ပင်လယ် ကြည့်တဲ့နေရာရှိတယ်လို့ ပြောတယ်။ တိမ်ပင်လယ်ကြည့်တဲ့နေရာမှာ ဘုန်းကြီးကျောင်းမှာ အလုပ်လုပ်နေတဲ့ ကလေးတွေရော ရောက်နေပုံရတယ်။ အဲ့ဒီမှာ စုဆောင်းရေးစွဲတဲ့ ကလေးတွေက ဝင်ခေါ်တာပေါ့။ အဲ့ဒီမှာ ဆရာတော်တွေနဲ့ နည်းနည်း အချေအတင် စကားပြောရတယ်ထင်တယ်။ အဲ့လိုဖြစ်ပုံရတယ် ကြည့်ရတာ” ဟု ပြောသည်။
လက်ရှိတွင် လူသစ်စုဆောင်းရေးတွင် ပါဝင်သည့် KIA တပ်ဖွဲ့ဝင်များ၏ ရိုင်းပြကြမ်းတမ်းမှုနှင့် ရိုက်နှက်မှုများ အပေါ် ဒေသခံများက မကြေမနပ်ဖြစ်ကာ KIA ဗဟိုဌာနချုပ်သို့ တိုင်ကြားထားပြီး၊ နောင်တွင် ဘာသာရေး အဆောက်အအုံများအတွင်း ယခုကဲ့သို့ မပြုလုပ်ရန် တောင်းဆိုထားကြသည်။
ဆိုင်းတောင်ဒေသသည် ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်သည့် နေရာဖြစ်သဖြင့် ယခုဖြစ်စဉ်ကြောင့် ဘာသာရေးအရ သွေးခွဲပဋိပက္ခများ ဦးတည်သွားမည်ကို လူထုက စိုးရိမ်နေကြသည်။
ထို့အတူ ဒေသခံဆရာတော် အရှင်ပဏ္ဍိတ (ဆိုင်းတောင်) ကလည်း မှော်ရှန်ဒေသတွင်းရှိ အသက် ၃၀ အောက် လူငယ်များအနေဖြင့် အောင်တော်မူစေတီတော်ကုန်းပေါ်ရှိ ဆုတောင်းပြည့် ပြည်လုံးချမ်းသာစေတီ၊ ကျီးမနူး ဘုရားနှင့် ဂြိုလ်ရှစ်ခွင်ဘုရား စသည့် သာသနိကနေရာများသို့ လတ်တလော သွားရောက်ခြင်း မပြုကြရန် ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် သတိပေးထားသည်။
ဒေသခံများ၏ အဆိုအရ ဆိုင်းတောင်ကျေးရွာတွင် KIA အနေဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်၊ ၂၀၂၆ ခုနှစ် ဧပြီလတွင် တစ်ကြိမ်နှင့် ယခု မေလတွင် တစ်ကြိမ်၊ ၂ နှစ်အတွင်း ၃ ကြိမ်တိုင်တိုင် လူသစ်စုဆောင်း မှုများ ပြုလုပ်ခဲ့သဖြင့် ဖားကန့်ဒေသအတွင်း လူသစ်စုဆောင်းခြင်း အခံရဆုံး နေရာဖြစ်နေသည်ဟု ဆိုသည်။