AA ထိန်းချုပ်ဒေသများတွင် Grade-12 မြန်မာစာအစား ရခိုင်ဖတ်စာ ပြောင်းလဲသင်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ယခု ပညာသင်နှစ်မှ စတင် ကာ Grade-12 တန်း၏ မြန်မာစာဖတ်စာကို ရခိုင်ဖတ်စာဖြင့် အစားထိုးသင်ကြားသွားမည်ဖြစ်ကြောင်း ဒေသတွင်း ပညာရေးဝန်ထမ်းများက ပြောသည်။
ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်၍ ချင်းပြည်၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ဒေသရှိ မြို့နယ်များ၌ Grade-12 မြန်မာစာဖတ်စာကို ရခိုင်ဘာသာ၊ ရခိုင်ဖတ်စာဖြင့် ပြောင်းလဲသင်ကြားရန် စီစဉ်နေခြင်းဖြစ်ပြီး၊ ထိုသို့ သင်ကြားနိုင်ရေးအတွက် လက်ရှိတွင် ဆရာ၊ ဆရာမ အချို့ကို ရက်သတ္တပတ်အလိုက် သင်တန်းများ ပေးလျက်ရှိသည်။
တောင်ကုတ်မြို့မှ ဒေသခံကျောင်းဆရာမတစ်ဦးက “ရခိုင်တွေရဲ့ ခေတ်အဆက်ဆက်က သမိုင်းတွေ၊ ယဉ်ကျေး မှုစာပေတွေကို သင်ကြားမှာဆိုတော့ ကျမတို့က လိုလားပါတယ်၊ အခု သင်ကြားနည်းသင်တန်းတွေလည်း အပတ်စဉ်အလိုက် ဆင်းလာကြမယ်ပေါ့၊ သင်ရိုးညွှန်းတမ်းစာအုပ်တွေလည်း ရတဲ့နေရာ ရနေပါပြီ။ တချိန်က ဖျောက်ဖျက်ခံရတဲ့ ရခိုင်စာပေနဲ့ ရခိုင်သမိုင်းကို ဒီခေတ်ရခိုင်လူငယ်တွေ သင်ကြားခွင့်ရမှာပါ” ဟု ပြောသည်။
ပြောင်းလဲသင်ကြားမည့် Grade-12 ရခိုင်ဖတ်စာတွင် ရခိုင်ဘာသာဖြင့် ရေးသားထားသည့် ရခိုင်ကဗျာပညာရှင် များ၊ ရှေးခေတ်ရခိုင်စာဆိုများနှင့် အတိတ်က ထူးချွန်ပြောင်မြောက်ခဲ့သည့် ပညာရှင်များအကြောင်း ပါဝင်မည် ဖြစ်ကာ ကျောင်းသားများ လေးစားအားကျစိတ် ဖြစ်ပေါ်လာစေမည့် အကြောင်းအရာများကို အဓိက သင်ကြား မည်ဖြစ်သည်။
ဒေသတွင်း သတင်းဖော်ပြချက်များ အရ အဆိုပါသင်ရိုးတွင် ရခိုင်ရိုးရာ ‘ကျီးဖြူရွာသာခြင်း’၊ စစ်တွေမြို့ကို တည် ထောင်ခဲ့သူများအနက် တစ်ဦးဖြစ်သည့် မြို့သူကြီးအောင်ကျော်ဇံ၏ ‘မြို့သူကြီးအောင်ကျော်ဇံ ဧကပိုဒ်ရတု’၊ မင်းသက်ခိုင် (စည်တောင်) ၏ ရသစာတမ်းဖြစ်သော ‘နီညိုချိန်’ နှင့် ဗျာလာခိုင်၏ ဝတ္ထုတိုဖြစ်သည့် ‘မြူနန့်ကျစ်တေကြိုး’ စသည့် စာပေလက်ရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ရခိုင်ဖတ်စာဖြင့် အစားထိုးလိုက်ခြင်းအပေါ် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက ကြိုဆို ကြသော်လည်း မူလမြန်မာစာ သင်ကြားရာမှ ရုတ်တရက် အပြောင်းအလဲလုပ်ရမည်ဖြစ်၍ အခက်အခဲအချို့ ရှိလာနိုင်ကြောင်းလည်း ဒေသခံများက ဆိုသည်။
ရခိုင်ကျောင်းဆရာတစ်ဦးကလည်း “ဒီလိုသင်ကြားရတာ ကောင်းပါတယ်၊ ဒါပေမယ့် ပထမအခက်အခဲတချို့ ရှိနိုင်တယ်ဆိုတာ ကျောင်းသားတွေက ဗမာစာပဲ သင်လာရတော့ ရုတ်တရက် အပြောင်းအလဲကို ဖြတ်ကျော်ရ မယ်၊ ဆရာတွေကတော့ သင်တန်းရှိတယ်၊ အဆင်ပြေတယ်။ ကိုယ့်ဘာသာစကား၊ ကိုယ့်လူမျိုးရဲ့ အသုံးအနှုန်း တွေ၊ စာတွေဟာ ပျောက်နေတာ နှစ်ပေါင်းကြာခဲ့ပြီ။ အခုလိုလုပ်တာကို ထောက်ခံပါတယ်” ဟု ပြောသည်။
ရခိုင်ဘာသာဖြင့် အစားထိုးသင်ကြားနိုင်ရန် အတွက် ဆရာ၊ ဆရာမများကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လကတည်းက ဆရာလမ်းညွှန်သင်တန်းများ စတင်ပေးခဲ့ခြင်းဖြစ်ပြီး မကြာမီ အဆိုပါသင်တန်းများ ဆင်းတော့ မည်ဖြစ်သည်။
လက်ရှိ Grade-12 တန်းတွင် မစပ်ဆိုင်သည့် အခြားဘာသာရပ်များကိုမူ ယခင်အတိုင်း ဆက်လက် သင်ကြားရ မည်ဖြစ်ပြီး မြန်မာစာဖတ်စာ တစ်ခုတည်းကိုသာ ယခုကဲ့သို့ ရခိုင်ဘာသာဖြင့် အစားထိုးလိုက်ခြင်းဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။