တူရကီနိုင်ငံ၌ ကျင်းပနေသည့်နေတိုးထိပ်သီးအစည်းအဝေးကို ရုရှားအနီးကပ်စောင့်ကြည့်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။
တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များ၌ ကျင်းပနေသည့် နေတိုး (NATO) ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာမည့် ရလဒ်များကို ရုရှားနိုင်ငံက အနီးကပ်စောင့်ကြည့် နေကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့ဗ် (Dmitry Peskov) က ထုတ်ဖော်ပြောကြားသည်။
အစည်းအဝေးမစတင်မီကတည်းက ရုရှားအပေါ် ပုတ်ခတ်ပြောဆိုမှုများ ရှိနေခြင်းသည် ဝမ်းနည်းစရာကောင်းပြီး၊ ၎င်းပြောဆိုချက်များသည် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် ဆွေးနွေးညှိနှိုင်းမှုများအကြောင်း မဟုတ်ဘဲ ရန်လိုသည့် သဘောမျိုးသာ ဖြစ်နေကြောင်း ကရင်မလင်က ဝေဖန်သည်။
ယခုအစည်းအဝေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပနိုင်ငံများကို စစ်ရေးအသုံးစရိတ် ပိုမိုတိုးမြှင့်ရန် ဖိအားပေးနေချိန်၊ ထို့ပြင် မကြာသေးမီက ဖြစ်ပွားခဲ့သော အီရန်စစ်ပွဲနှင့် ဂရင်းလန်းကျွန်း (Greenland) ကိစ္စရပ်များကြောင့် အမေရိကန်နှင့် ဥရောပအကြား ဆက်ဆံရေးတင်းမာနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
တနင်္လာနေ့က အမေရိကန်သမ္မတ ထရမ့်က ၎င်းအနေဖြင့် အဆိုပါနေတိုးအစည်းအဝေးတွင် ယူကရိန်းစစ်ပွဲအကြောင်း ထည့်သွင်းဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။
ယခုကျင်းပသည့် အစည်းအဝေးသို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးလည်း လာရောက်ရန် ရှိနေသည်ဟု သတင်းများက ဆိုသည်။