ရွှေကူရှိ ဗျူဟာမြောက်နေရာများကို တော်လှန်ရေးတပ်များ ပြန်ထိန်းချုပ်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ငအိုး–ရွှေကူကြား ရှေ့တန်းဒေသများတွင် တော်လှန်ရေးပူးပေါင်းတပ် များ က နေရာများကို ပြန်လည်စိုးမိုးထားနိုင်မှုကြောင့် စစ်တပ်၏ မြေပြင်စစ်ကြောင်းများ ရှေ့ဆက်တိုးရန် အခက်အခဲ ဖြစ်နေသည်။

ထို့ကြောင့် စစ်တပ်သည် မြေပြင်ထိုးစစ်ထက် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို နေ့စဉ်နီးပါး ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့်လအတွင်းက စစ်တပ်က လေကြောင်းအင်အား အလုံးအရင်းအသုံးပြုကာ ထိုးစစ်ဆင်ခဲ့သဖြင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်များသည် ငအိုး-ရွှေကူကြားရှိ ရှေ့တန်းနေရာ အချို့မှ ယာယီဆုတ်ခွာခဲ့ရသော်လည်း၊ လက်ရှိတွင် ငအိုး-ရွှေကူလမ်းမပေါ်ရှိ ငါးလမ်းဆုံနှင့် ညောင်ပင်ကွေ့ကဲ့သို့သော ဗျူဟာမြောက်နေရာများကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ နေရာပြန်လည်ရရှိပြီးနောက်ပိုင်း မန္တလေးဘက်မှ ရွှေကူမြို့သို့ စစ်တပ်စစ်ကြောင်းများ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း မရှိတော့သဖြင့် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ကို ပိုမိုအသုံးပြုလာနေသည်။ 

နှစ်ရက်၊ သုံးရက်လောက်ရှိပြီ။ ငါးလမ်းဆုံနဲ့ ညောင်ပင်ကွေ့ဘက်ကို KIAPDF ပူးပေါင်းတပ်တွေ ပြန်ထိန်း ချုပ် ထားလိုက်တဲ့နောက် မန္တလေးဘက်က စစ်ကြောင်းတွေ ဒီဘက်ဝင်လို့ မရတော့ဘူး။ဟုရွှေကူဒေသခံတစ်ဦးက ပြောသည်။ “အဲဒါကြောင့် စစ်တပ် က နေ့တိုင်းလိုလို လေယာဉ်နဲ့ ဗုံးလာကြဲနေပြီး လက်နက်ကြီးတွေလည်း ဆက်တိုက်ပစ်နေတာ။

လွန်ခဲ့သည့် ဇူလိုင်လ ၆ ရက် ညနေပိုင်းကလည်း ရွှေကူမြို့နယ် အထက်လေးလမ်းဆုံနှင့် အောက်လေးလမ်းဆုံ အနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

မြေပြင်ဒေသခံများ၏ ပြောပြချက်အရ ရွှေကူဒေသတွင် လေကြောင်းရန်မှာ နေ့စဉ်နှင့်အမျှ စိုးရိမ်နေရပြီး လက်နက်ကြီးပစ်ခတ်သံများလည်း အဆက်မပြတ် ကြားနေကြရသည်။ 

ရွှေကူဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ အဆိုအရ လက်ရှိတိုက်ပွဲများသည် ရွှေကူ – ဗန်းမော်လမ်းပိုင်းတွင် ဆက်လက်ဖြစ်ပွားနေပြီး၊ ငအိုးနှင့် ရွှေကူကြားရှိ နေရာအများစုမှာ တော်လှန်ရေး ပူးပေါင်းတပ်များ၏ ထိန်းချုပ် မှု အောက်တွင် တည်ရှိနေဆဲဖြစ်သည်။

စစ်တပ်သည် ရွှေကူမြို့ကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေသော် လည်း၊ ငအိုး-ရွှေကူကြားရှိ ရှေ့တန်းဒေသများတွင် နှစ်ဖက်စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်နေကာ တိုက်ပွဲ များ ထပ်မံပြင်းထန်လာနိုင်သည့် အခြေအနေတွင် ရှိနေသည်။