ဧရာဝတီ-ရခိုင်နယ်စပ်တွင် စစ်တပ်အင်အားဖြည့်တင်းကာ စစ်ဆေးမှုများပြား
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်
ရခိုင်ပြည်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အာရက္ခတပ်တော် (AA) ၏ စခန်းသိမ်းတိုက်ပွဲများ ကြောင့် စစ်တပ်က စစ်ရေးပြင်ဆင်မှုများအဖြစ် အင်အားဖြည့်တင်းခြင်းနှင့် မြို့ကြီးများတွင် ဧည့်စာရင်းစစ်ဆေး ခြင်းများကို တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိသည်။
လက်ရှိတွင် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည် အစပ်၌ စစ်ရေးအခြေအနေများ တင်းမာနေသဖြင့် စစ်တပ်က စစ်အင်အားနှင့် လက်နက်ခဲယမ်းများကို ဆက်တိုက်ဖြည့်တင်းနေခြင်းဖြစ်သည်။
ပုသိမ်၊ သာပေါင်း၊ ငပုတော၊ မအူပင်၊ ဟင်္သာတ၊ ရေကြည်၊ အသုပ်၊ မြန်အောင် စသည့်မြို့များရှိ ဟိုတယ်နှင့် တည်းခိုခန်းများတွင် အာရက္ခတပ်တော် (AA) ဝင်ရောက်မှုရှိနိုင်သည်ဟု သတ်မှတ်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေသည်။
ရေကြည်မြို့နယ်မှ ဒေသခံတစ်ဦးက “ရေကြည်မှာ စခန်းတွေကို အေအေက သိမ်းနေတော့ စစ်အင်အားတွေ ထပ် ဖြည့်တာ ဒီရက်ပိုင်း သိသာလာတယ်။ ကျနော်တို့မြင်ရသလောက် အင်အားလေးရာလောက် ထပ် ရောက် လာတာပါ။ ကွင်းကောက်ကလာတယ်၊ ပုသိမ်မြို့ပေါ်ကလာတယ်၊ မြန်အောင်ဘက်ကလည်း လာပါတယ်။” ဟု ပြောသည်။
သူက ဆက်ပြီး “နောက် ထပ်တပြိုင်နက်ထဲ အစစ်အဆေးတွေများလာပါတယ်။ ရေကြည်၊ အသုပ်၊ ပုသိမ်မြို့ပေါ်က ဟိုတယ်နဲ့ တည်းခို ခန်းတွေကို စစ်နေတဲ့အပြင် ရွာတွေမှာပါ လူအဝင်အထွက် စစ်နေပါတယ်။ ဒီလပိုင်းတွေ ဧရာဝတီ –ရခိုင်အစပ်က မြို့တွေမှာ စစ်တပ်ရဲ့ ပုံစံမျိုးစုံနဲ့ လှုပ်ရှားမှုတွေ များလာတာပါ” ဟု ပြောသည်။
ဇွန်လ ပထမပတ်အတွင်း သုံးရက်ဆက်တိုက် စစ်တပ်သည် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှတစ်ဆင့် ရခိုင်အစပ် စစ်မျက်နှာများသို့ လူအင်အားနှင့် လက်နက်ခဲယမ်းများကို အရှိန်အဟုန်မြှင့် ရွှေ့ပြောင်းဖြည့်တင်းခဲ့ သည်။
ဟင်္သာတမြို့မှ ကွင်းကောက်ဘက်သို့ စစ်အင်အားအပြည့်တင်ဆောင်ထားသည့် စစ်ကားများ ရောက်ရှိခဲ့သလို၊ ပုသိမ်ဘက်မှ စစ်ကားများလည်း ရေကြည်မြို့နယ် မြောက်စမ်းဘက်သို့ ဦးတည် ရောက်ရှိလာသည်။
စစ်တပ်သည် ပုသိမ်အခြေစိုက် တပ်ရင်းများမှတစ်ဆင့် (၃၄၄) အမြောက်တပ်သို့ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည်။
ထို့ပြင် လေးမျက်နှာမြို့နယ်ဘက်တွင်လည်း စစ်အင်အား တိုးမြှင့်ချထားပြီး ပုသိမ်-မုံရွာ လမ်းပိုင်းကို စိုးမိုးနိုင်ရန် လမ်းတစ်လျှောက် တပ်ဖြန့်နေရာယူထားသည်။
ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ပွိုင့် ၂၂၇ ရှိ စစ်တပ်၏ ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) က အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ လက်ရှိတွင် ရခိုင်-ဧရာဝတီအစပ် ကြောင်လျှာဒေသဘက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။