ရှမ်းမြောက်တွင် MNDAA က KIA ဂိတ်စခန်းတစ်ခုကို အင်အားသုံး ဖျက်ဆီး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။

ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား နယ်မြေအုပ်ချုပ်ရေးနှင့် အခွန်ကောက်ခံမှုနယ်နိမိတ် သတ်မှတ် ချက်များကြောင့် တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဇူလိုင် ၈ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအနီးရှိ KIA ၏ စစ်ဆေးရေးဂိတ်တစ်ခုကို MNDAA တပ်ဖွဲ့ဝင်များက အင်အားသုံး၍ ဖျက်ဆီးခဲ့ခြင်းသည် နှစ်ဖက်တပ်ဖွဲ့ကြား ပဋိပက္ခ၏ အဓိကဖြစ်စဉ်တစ်ခု ဖြစ် လာသည်။ 

အဆိုပါ ဖြစ်စဉ်အတွင်း KIA တပ်ဖွဲ့ဝင်တစ်ဦး ရိုက်နှက်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ကာ နှစ်ဖက်ကြား အငြင်းပွားနေ သည့် ရုပ်သံမှတ်တမ်းများလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

အဆိုပါရုပ်သံတွင် MNDAA ဘက်က ၎င်းတို့၏ ခရိုင်မှူးအမိန့်ဖြင့် ဂိတ်ကို ဖယ်ရှားခြင်းဖြစ်ကြောင်း အကြောင်း ပြထားသော်လည်း KIA ဘက်ကမူ အောက်ခြေရဲဘော်များကို ပစ်မှတ်ထားခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

ကွတ်ခိုင်မှာ ဒါမျိုးဖြစ်တာတွေ ခနခနပဲ။ အရင်က တအာင်းတပ်တွေနဲ့ ဖြစ်တယ်။ အခု KIA နဲ့ ပြန်ဖြစ်လာပြီ။ တကယ်ဆိုရင် အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး ပြဿနာရှိရင် လူကြီး အချင်းချင်း ဖြစ်ဖြစ်၊ မြေပြင်မှာရှိနေတဲ့ တာဝန်ရှိတဲ့သူတွေ အချင်းချင်းဖြစ်ဖြစ်ပေါ့နော် သေချာ ညှိနှိုင်းသင့်ပါ တယ်။” ဟုKIA နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ 

အခုလို အောက်ခြေရဲဘော်တွေကို ရန်ရှာတာ၊ ရိုက်နှက်တာမျိုးကတော့ မကောင်းဘူးပေါ့နော်။ လူထုက တော့ သူတို့ပြဿနာဖြစ်ကြပြီဆိုရင် စိုးရိမ်ကြတာပေါ့နော်။ ကချင်ပြည်သူတွေက ပိုစိုးရိမ်နေကြတယ် ဟု သူက ဆက်ပြောသည်။

လက်ရှိတွင် နှစ်ဖက်တာဝန်ရှိသူများ မြေပြင်၌ ညှိနှိုင်းနေကြသော်လည်း ဒေသခံများမှာမူ စစ်ရေးပဋိပက္ခများ အကြား အဖက်ဖက်မှ သက်ရောက်မှုများကို စိုးရိမ်လျက်ရှိသည်။

ကွတ်ခိုင်မြို့ခံတစ်ဦးကလည်း တိုက်ပွဲတွေနဲ့ ပင်ပန်းနေရတဲ့အချိန်မှာ မဟာမိတ်အချင်းချင်းကြား ဒီလိုဖြစ်တာ က ပြည်သူတွေအတွက်တော့ အများကြီး စိုးရိမ်စရာကောင်းပါတယ်။ နှစ်ဖက်လုံးက တည်ငြိမ်ရေးကို ဦးစား ပေးပြီး အမြန်ဆုံး ညှိနှိုင်းဖြေရှင်းကြစေချင်ပါတယ် ဟု ပြောသည်။

ရှမ်းမြောက်ဒေသတွင် မဟာမိတ်တပ်ဖွဲ့များအချင်းချင်း နယ်မြေနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အငြင်းပွားမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း၊ ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများအထိ ဖြစ်ပေါ်လာခြင်းမှာ အလွန်စိုးရိမ်ဖွယ်ကောင်းသော လက္ခဏာဖြစ်ကြောင်း ဒေသတွင်း လေ့လာသူများက သုံးသပ်သည်။

ယခုကိစ္စသည် နယ်မြေတည်ငြိမ်ရေးနှင့် ဒေသတွင်းကုန်သွယ်စီးဆင်းမှုများအပေါ် မည်ကဲ့သို့ သက်ရောက်မှု ရှိလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်စွာ စောင့်ကြည့်လျက်ရှိသည်။