အကြမ်းဖက်ဆန့်ကျင်ရေး ဆန္ဒပြရာ အသေခံဗုံးခွဲသဖြင့် ၁၄ ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။ 

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော အကြမ်းဖက်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအတွင်း အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၂၄ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

ယင်းဆန္ဒပြပွဲကို ရဲစခန်းတစ်ခုအနီးတွင် ပြုလုပ်နေခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် အရပ်သား ၉ ဦးနှင့် ရဲအရာရှိ ၅ ဦး ပါဝင်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ 

ဒေသခံပြည်သူများသည် နှစ်ပေါင်းများစွာ အကြမ်းဖက်မှုများကြားတွင် နေထိုင်ခဲ့ရသဖြင့် ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရရှိရေးနှင့် အကြမ်းဖက်သမားများကို အစိုးရအနေဖြင့် ထိရောက်စွာ နှိမ်နင်းပေးရေးအတွက် တောင်းဆိုဆန္ဒပြနေခဲ့ခြင်း ဖြစ်သည်။ 

ဆန္ဒပြပွဲ ကျင်းပနေစဉ်မှာပင် လူအုပ်အတွင်းသို့ ဝင်ရောက်ကာ ယခုကဲ့သို့ အသေခံ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆွတ်တ်တောင်ကြား (Swat Valley) ဒေသသည် ယခင်က စစ်သွေးကြွများ ကြီးစိုးခဲ့သည့် နေရာဖြစ်ပြီး မကြာသေးမီ လပိုင်းများအတွင်း စစ်သွေးကြွများ ပြန်လည်ခြေကုပ်ယူလာသည့်အတွက် ဒေသခံများက ယခုကဲ့သို့ ဆန့်ကျင်ဆန္ဒပြနေကြခြင်း ဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း မည်သည့်အဖွဲ့အစည်းကမျှ တရားဝင် ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။ 

သို့သော်လည်း ပါကစ္စတန် တာလီဘန်အဖွဲ့ (TTP) ၏ လက်ချက်ဖြစ်နိုင်ကြောင်း အများက ခန့်မှန်းထားကြသည်။ 

ပါကစ္စတန် သမ္မတနှင့် ဝန်ကြီးချုပ်တို့ကမူ ယခုဖြစ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အကြမ်းဖက်ဝါဒ အမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Photo:AFP