ယူကရိန်းကို တိုက်ခိုက်ရန် မြောက်ကိုရီးယား ဒုံးပျံတပ်ဖွဲ့ ရုရှား၌ စတင်တပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။
ယူကရိန်းနိုင်ငံအား တိုက်ခိုက်ရန်အတွက် မြောက်ကိုရီးယား ဒုံးပျံတပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံ အနောက်ပိုင်းသို့ စတင်ရောက်ရှိ တပ်စွဲနေပြီဖြစ်ကြောင်း ယူကရိန်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ရုရှားနိုင်ငံ အနောက်ပိုင်း ဗိုရိုနက်ချ် (Voronezh) ဒေသတွင် မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၉၀ ခန့်ပါဝင်သည့် ဒုံးပျံတပ်ဖွဲ့ကို အခြေစိုက်ထားပြီး၊ ပဲ့ထိန်းဒုံးကျည် (Ballistic Missiles) ၁၂၀ နှင့် ဒုံးပစ်စင် ၆ ခု ပါဝင်လာမည်ဟု ဆိုသည်။
မြောက်ကိုရီးယားသည် ၎င်းတို့ထုတ်လုပ်သည့် KN-23 နှင့် KN-24 ဒုံးကျည် ၄၀ အသစ်အပါအဝင် နည်းပညာရှင်များကို ရုရှားထံ ပေးပို့ထားပြီး ဖြစ်သည်။
ယူကရိန်းဘက်တွင် လေကြောင်းရန်ကာကွယ်ရေး စနစ်များ အလွန်နည်းပါးနေချိန်၌ ရုရှားက ပဲ့ထိန်းဒုံးကျည်များကို ပိုမိုသုံးစွဲလာနေခြင်း ဖြစ်သည်။
မြောက်ကိုရီးယား၏ KN-23 ဒုံးကျည်များသည် ရုရှား၏ အစ္စကန်ဒါ (Iskander) ဒုံးကျည်များထက် ပစ်ခတ်နိုင်စွမ်း ပိုဝေးပြီး ဖောက်ခွဲရေးပစ္စည်း ပိုမိုပါဝင်သော်လည်း တိကျမှု အားနည်းသည့်အတွက် ပြည်သူအများအပြား ထိခိုက်သေဆုံးရမှုများ ဖြစ်ပေါ်နေသည်ဟု ယူကရိန်းက ဆိုသည်။
လက်ရှိတွင် ရုရှားနိုင်ငံ ကာစ်ခ် (Kursk) ဒေသ၌ မြောက်ကိုရီးယား စစ်သည် ၉,၅၀၀ ခန့် ရောက်ရှိနေပြီး၊ နောက်ထပ် စစ်သည် ၃၀,၀၀၀ အထိ ထပ်မံစေလွှတ်ရန် ရုရှားဘက်က ပြင်ဆင်နေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။