စစ်တွေနှင့် မိုင်အနည်းငယ်အကွာ စစ်တပ် တပ်ရင်းကို AA လက်နက်ကြီးဖြင့် ပစ်ခတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် မိုင်အနည်းငယ်ခန့်သာ ကွာဝေးသည့် စစ်တပ်၏ ကျားမသောက်တပ်ရင်းကို ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော် (AA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုးစစ်အရှိန် အဟုန်မြှင့်လာကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်တွေမြို့နယ်အတွင်း တည်ရှိသည့် ကျားမသောက် အခြေစိုက် စအရ (၉၀၈) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းသည် စစ်တွေမြို့နှင့် ၄ မိုင်ခန့်သာ ကွာဝေးပြီး ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ် အစပ်ရှိ ကုလား တန်မြစ်နှင့် ချောင်းလက်တက်များအနီး ကျားမသောက်ကျေးရွာ ဝန်းကျင်တွင် တည်ရှိသည်။
အဆိုပါ ကျားမသောက်တပ်ရင်းကို ဩဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် စစ်အုပ်စုတပ်ဘက်မှ ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့သည်။
စစ်တွေဒေသခံ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက “ကျားမသောက်တပ်ရင်းထဲကို လက်နက်ကြီး ကျလို့ စစ်တပ်က အသေအပျောက်တွေ ရှိတယ်လို့ကြားတယ်၊ AA က လက်ရှိထိုးစစ်က တော်တော် ရောက် လာတာပါ။ ပါဒလိတ်အမြောက်တပ်၊ အမှတ် (၁၂) ရဲတပ်ရင်း၊ ရွှေမင်းဂံရေတပ်စခန်း အနီးမှာ အခု စစ်တပ်နဲ့ AA စစ်ရေးတင်းမာနေတယ်၊ AA က ဆုတ်တက်လုပ်နေတာလို့ သိရတယ်” ဟု ပြောသည်။
ကျားမသောက်တပ်ရင်းသည် စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အတွက် မြို့ပြင်ပတ်လည် ခံစစ် စည်း တွင် အရေးပါသော တပ်ရင်းတစ်ခုဖြစ်ပြီး ပါဒလိတ်အမြောက်တပ်၊ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ရွှေမင်းဂံရေတပ် စခန်းတို့နှင့် မလှမ်းမကမ်းတွင် တည်ရှိနေခြင်း ဖြစ်သည်။
စစ်တွေမြို့နယ်ရှိ အမြင့်ကျွန်း၊ မင်းချောင်း၊ ပါဒလိတ်၊ နာရီကန်၊ ကျားမသောက်၊ ရေချမ်းပြင်နှင့် ကံ့ကော်ကျွန်း စသည့် နေရာများတွင် စစ်အုပ်စုတပ်က တပ်ဖြန့်ထားသော်လည်း အဆိုပါနေရာများသို့ AA ဘက်မှ ချဉ်းကပ် စစ်ဆင်လျက်ရှိသည်။
စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးကလည်း “အခုရက်ပိုင်း ပစ်ခတ်သံတွေ မြို့ထဲအထိ ကြားရပြီး စစ်တပ်ကား တွေ လုံခြုံရေးအရ ညဘက်တွေ သွားလာနေပါတယ်။ ကမ်းနားမှာ ဒေသခံတွေ မထိုင်ရဲပါဘူး၊ အိမ်ထဲက အိမ်ပြင် မထွက်ရဲကြဘူး” ဟု ပြောသည်။
ကျားမသောက်တပ်ရင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်အုပ်စုတပ်သည် ဆတ်ရိုးကျ တံတား ပတ်ဝန်းကျင်တွင် ဘန်ကာများ ထပ်မံဆောက်လုပ်နေပြီး ကမ်းနားလမ်း ခြံစည်းရိုးကိုလည်း မိဇံရပ်ကွက် ဘီလူးမတံတားအထိ ကာရံမှုများ ပြုလုပ်လာသည်။
စစ်တွေမြို့နယ်အတွင်း AA နှင့် စစ်အုပ်စုတပ်တို့အကြား ယခုသီတင်းပတ်အတွင်း စစ်ရေးတင်းမာမှုများ ပိုမိုမြင့် တက်လာနေကာ မြို့အတွင်းနှင့် မြို့အနီးဝန်းကျင်ရှိ အရေးပါသည့် နေရာများတွင် စစ်အုပ်စုတပ်က အင်အားဖြန့် ကျက် ချထားလျက်ရှိသည်။
ထို့ပြင် စစ်တွေမြို့၏ ပွိုင့်ကမ်းခြေနှင့် ကမ်းနားလမ်းတစ်လျှောက်တွင်လည်း ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ဘီလူးမတံတား၌ တပ်ဖြန့်ထားသည့်အပြင် လက်နက်၊ ခဲယမ်းအပါအဝင် စစ်ကူအင်အားများကိုလည်း ရေတပ် သင်္ဘောများဖြင့် မကြာခဏ လာရောက်ဖြည့်တင်းနေသည်။
လက်ရှိတွင် အာရက္ခတပ်တော် AA သည် ချင်းပြည်၊ ပလက်ဝမြို့ အပါအဝင် ရခိုင်ပြည်ရှိ မြို့နယ်ပေါင်း ၁၄ ခုကို ထိန်းချုပ်ထားနိုင် ဆဲဖြစ်ပြီး စစ်တွေမြို့ ဝန်းကျင်ကိုလည်း ဝိုင်းဝန်းပိတ်ဆို့ထားသည်။
ဓါတ်ပုံ – အာရက္ခတပ်တော် (AA)