ပင်လည်ဘူးတွင် စစ်တပ်က ရက်ဆက် ဗုံးကြဲ၍ ကလေးငယ်အပါအဝင် ၉ ဦးထက်မနည်း သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်၊ NUG အမှတ် (၁) စစ်ဒေသ ထိန်းချုပ်ထားသည့် ပင်လည်ဘူးမြို့နယ်အတွင်း ရှိ ကျေးရွာများနှင့် ရွှေလုပ်ကွက်များကို စစ်အုပ်စုတပ်က နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
ဩဂုတ်လ ၁၅ ရက်နေ့မှ ၁၈ ရက်အထိ ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၉ ဦးထက်မနည်း သေဆုံးကာ ၁၁ ဦး ဒဏ်ရာရပြီး ၈ ဦး ပျောက်ဆုံး နေကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်များက ပြောသည်။
ဩဂုတ်လ ၁၈ ရက် မွန်းလွဲပိုင်းက ဟုမ္မလင်းလေတပ်မှ တက်လာသည့် ဂျက်တိုက်လေယာဉ်များဖြင့် ပင်လည် ဘူးမြို့နယ် မြောက်ခြမ်း၊ မိုင်းတုံသာကြီးကျေးရွာအနီးရှိ ရွှေတူးဖော်ရေး လုပ်ကွက်ကို ဗုံးကြဲချခဲ့ရာ အနည်းဆုံး အရပ်သား ၅ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေသည်။
ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူ တစ်ဦးက “ရွှေလုပ်ကွက်ထဲ ဗုံးကျတာဆိုတော့ အလုပ်လုပ် နေသူတွေ ထိကုန်တာပါ။ အလောင်းတချို့က အစပျောက် နေသလို အသားစတွေပဲ ကျန်ခဲ့တာတွေလည်း ရှိ တယ်။ အခုလောလောဆယ် အလောင်း ၄ လောင်း ၅ လောင်း ရထားပြီ။ ပျောက်နေတဲ့သူတွေလည်း ရှိတာမို့လို့ သေဆုံးစာရင်း ထိခိုက်စာရင်းက ဒီထက်မက တိုးလာနိုင်ပါတယ်” ဟု ပြောသည်။
ထို့ပြင် ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ကလည်း ပင်လည်ဘူးမြို့နယ်အတွင်း တနေရာသို့ ဂျက် တိုက်လေယာဉ်များဖြင့် ဗုံး ၁၁ လုံး ကြဲချခဲ့သေးသည်။
အလားတူ ဩဂုတ်လ ၁၆ ရက် မွန်းလွဲပိုင်းကလည်း ကင်းပန်းကျေးရွာကို တိုက်လေယာဉ် ၄ စီးဖြင့် ၁၀ လုံးထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့်ပါ ထပ်မံပစ်ခတ်ခဲ့သဖြင့် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ရပြီး၊ ကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ ဆေးခန်းနှင့် နေအိမ် ၁၅ လုံးခန့် မီးလောင် ပျက်စီးခဲ့ရသည်။
ဩဂုတ်လ ၁၇ ရက်နေ့တွင်လည်း မြေသာရွာ၊ မံစီလေးရွာနှင့် မြစေတီရွာဘက်သို့ လေကြောင်းမှ ထပ်မံ ဗုံးကြဲခဲ့ သဖြင့် ဆေးရုံနှင့် လူနေအိမ် ၁၃ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“ရွာထဲမှာ ဘာတိုက်ပွဲမှလည်း ဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ပတ်ကြဲသွားတာပါ။ ဗုံးကြဲတုန်းက ပွဲချင်းပြီး သေတာ က တစ်ဦးတည်း ရှိပေမဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြတဲ့သူတွေက ဆေးကုရင်း ထပ်ဆုံးသွားကြတာ ဖြစ်ပါတယ်” ဟု ပင်လည်ဘူး ဒေသခံတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းသည် အနီးအနားရှိ ဝန်းသိုမြို့ဘက်တွင် စစ်အုပ်စုတပ်၊ ရဲနှင့် ပျူစောထီး အင်အား ၅၀၀ ခန့် စုဝေးနေပြီး ပင်လည်ဘူးဘက်သို့ စစ်ကြောင်းထိုးရန် လမ်းကြောင်းရှင်းသည့်အနေဖြင့် ဗုံးကြဲခြင်းဖြစ်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်ကြသည်။
တစ်ဖက်တွင်လည်း BNRA အဖွဲ့မှ တပ်မှူးနှစ်ဦးဖြစ်သည့် သခင်ဒေါင်းညိုနှင့် တကိုယ်တော်သုဘရာဇာတို့သည် ပင်လည်ဘူးမြို့နယ်အတွင်း ဆေးကုသမှု ခံယူနေစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး စစ်အုပ်စုတပ်ထံ သတင်း ပို့လိုက်ခြင်းကြောင့် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာရခြင်း ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။
သို့သော်လည်း အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်မှု ရှိမရှိကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့များနှင့် ဆက်စပ်နေသည့် မဟာဗျူဟာကျသော ပင်လည်ဘူးမြို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ထားခြင်း ဖြစ်ပြီး လက်ရှိတွင် လေကြောင်းအန္တရာယ်ကြောင့် ဒေသခံများအနေဖြင့် လူစုလူဝေး မလုပ်ကြရန်နှင့် အထူးသတိထား စုဝေးကြရန် ဒေသတွင်း သတင်းအချက်အလက် ထုတ်ပြန်ရေးအဖွဲ့များက သတိပေးထားသည်။
ဓါတ်ပုံ – (ပေးပို့ – CJ)