ဒုက္ခသည်ကလေးများ ထိုင်းကျောင်းများတွင် ပညာသင်ခွင့်ရရေး ကရင်အဖွဲ့များ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ကျောင်းနေအရွယ် ကလေးများကို ကန့်သတ် ချက်များ မထားဘဲ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ပညာသင်ကြားခွင့်ပြုရန် ကရင်အရပ်ဘက် အဖွဲ့အစည်းများ က ထိုင်းအစိုးရထံ မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရေး ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိခိုလှုံနေသည့် ဒုက္ခသည် ကလေးငယ်များသည် စခန်းအတွင်း၌သာ ပညာသင်ကြားရမည်ဟု ထိုင်းအစိုးရက မူဝါဒဖြင့် ကန့်သတ်ထားရာ အဆိုပါ ကန့်သတ်ချက်ကို ဖြေလျော့ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပညာရေးနဲ့ ပတ် သက်လာရင် ကျနော်တို့ ပညာရေး လမ်းကြောင်းကို အခွင့်အလမ်းကို ပိတ်ထားတဲ့ တစ်ချို့ ပေါ်လစီတွေ ပြုပြင် ပြောင်းလဲပေးဖို့လည်း Advocate လုပ်ပေးဖို့လည်း ကျနော်တို့ တောင်းဆိုချင်တာပေါ့နော်။”  ဟု ကရင်ဒုက္ခသည်ကော်မတီဆိုင်ရာ ပညာရေးအဖွဲ့ (KRCEE) အတွင်းရေးမှူး စောထူးကပေါ်က ပြောသည်။  

နောက်ပြီးတော့ ဒုက္ခသည်ရဲ့ status ပေါ့နော်။ ဒုက္ခသည် ကျောင်းသူ ကျောင်းသားတွေရဲ့ status ကို တရားဝင်အဖြစ်နဲ့ လက်ခံ ပြီးမှ ဒီကျောင်း တက္ကသိုလ်အဆင့်ထိပေါ့နော် ကျောင်းတက်ခွင့် opportunity တွေပေးဖို့လည်း ကျနော်တို့ တောင်းဆို ချင်တာပေါ့နော် ဟု စောကထူးပေါ်က ဆက်ပြောသည်။

ထိုင်းအစိုးရ၏ မူဝါဒအရ ဒုက္ခသည်များသည် စခန်းပြင်ပသို့ ထွက်ခွာခွင့်မရှိဘဲ နေထိုင်ရသည့်နည်းတူ ကလေး ငယ်များမှာလည်း စခန်းပြင်ပရှိ ထိုင်းအစိုးရကျောင်းများတွင် တက်ရောက်ခွင့် မရဘဲ အခွင့်အလမ်း ကန့်သတ် ခံထားရသည်ဟု ဆိုသည်။

ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၄၆ ဦးသည် ထိုင်းအစိုးရကျောင်းတွင် တက်ရောက် ပညာသင်ကြားနေစဉ် ၎င်းတို့၏ အထောက် အထားများကို တာဝန်ရှိသူများက စိစစ်ခဲ့သည်။ 

ထိုသို့ စိစစ်ရာ၌ ဒုက္ခသည်စခန်းမှ ကလေးများဖြစ်နေသဖြင့် အဆိုပါ ကလေး ၄၆ ဦးအနက် ၁၃ ဦးကို ဩဂုတ်လ ဆန်းမှစတင်၍ ကျောင်းရပ်နားရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန (MOI) က ညွှန်ကြားခဲ့ပြီး ကျန်ရှိသူ ၃၃ ဦးကို လည်း အထောက်အထားများ ဆက်လက် စိစစ်နေသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်က ပြောရမယ်ဆိုလို့ရှိရင် ဒုက္ခသည်မှာ လည်း ပညာရေးကျောင်းတွေတော့ ရှိပါတယ်။ သို့ပေသော်ငြားလည်း ကလေးတွေက အပြင် ထွက်ပြီးတော့မှ ပညာသင်ခွင့်ရှိသင့်တဲ့ အနေအထား ရှိရမယ့် အနေအထားမျိုးလည်း ဖြစ်တယ်ပေါ့ နော်။ ဆိုတော့ ဒါကြောင့်မို့ အထူးသဖြင့် ကလေးတွေရဲ့ ပညာသင်ခွင့်ပေါ့နော် နိုင်ငံတကာကလည်း ဒါလေးကို ကြည့်ကြပ်မတ်ပြီးမှ ဒီထက် ပိုကောင်းတဲ့ ပညာသင့်ခွင့် အခွင့်အရေးတွေ access to education ပိုပြီးတော့မှ ကလေးတိုင်း လက်လှမ်းမီလ ာအောင် လုပ်ပေးသင့် တယ်လို့တော့ ကျနော်ပြောချင်ပါတယ် ဟု ပြောသည်။

၎င်းက ဆက်လက်၍ အဓိကကတော့ ကလေးတွေရဲ့ ပညာရေးကတော့ Education Without Border ပေါ့ နော် ကျနော်တို့ ပြောမယ်ဆိုလို့ရှိရင် ပညာသင်ခွင့် ကတော့ အကန့်အသတ် ဘာနဲ့မှ ကန့်သတ်ထားလို့ မရဘူး ပေါ့နော်။ အထူးသဖြင့်ကတော့ အခုလက်ခံထားပြီးမှ ပြန်ပြီးမှ ငြင်းပယ်လိုက်တဲ့ ဆိုတဲ့အပေါ်မှာ ကလေးတွေ ကို ပိုထိခိုက် တယ်ပေါ့နော်။ အထူးသဖြင့် ဒီပညာသင်ခွင့် အခွင့်အရေးပေါ့နော်။ access to education က သူတို့အတွက် ပိုပြီးတော့မှ အဲလိုမျိုး ထိခိုက်တာပေါ့နော်။ နောက်တစ်ခုက အခုဆိုလို့ရှိရင်လကလည်း ပညာ သင်နှစ်ကလည်း သုံးလေးလ လောက်ရှိသွားပြီဆိုတော့ ကလေးတွေက တစ်ခြားကျောင်းပြောင်းဖို့အတွက် အခက်အခဲတစ်ခုဖြစ်သွား တာပေါ့နော် ဟု ထောက်ပြထားသည်။

လက်ရှိတွင် ကျောင်းရပ်နားခံရသည့် ကျောင်းသူ/သားများ ကျောင်းပြန်တက်နိုင်ရန် မိဘများက ထိုင်းပညာရေး ဌာန (MOE) သို့ အသနားခံစာ ပေးပို့ထားသည်။

အခြားတစ်ဖက်တွင်လည်း ဒုက္ခသည်များကို စခန်းပြင်ပထွက်၍ အလုပ်လုပ်ခွင့်ပြုထားသကဲ့သို့ ကလေးငယ်များ ကိုလည်း စခန်းပြင်ပရှိ ထိုင်းကျောင်းများတွင် ပညာသင်ကြားခွင့် ရရှိစေလိုကြောင်း KRCEE က မျှော်လင့်နေ သည်။

စောထူးကပေါ်က ဒီ အခု Right to Work နဲ့ ဒုက္ခသည် စခန်းသူ စခန်းသားတွေကို အပြင်မှာ အလုပ်ထွက် လုပ် ဖို့ အခွင့်အလမ်းပေးတဲ့အချိန်မှာ ဒီလိုမျိုး ပြောင်းလဲမှု အခြေအနေမှာ ကျနော်တို့လည်း ဒီပညာရေးဖက် မှာလည်း ပြောင်းလဲမှုတစ်ခုခု အရွေ့တစ်ခုခု အကောင်းဖက်မှာ အရွေ့တစ်ခုခု ရှိဖို့အတွက်လည်း ကျနော်တို့ဖက် မှာလည်း လုပ်တာဖြစ်တာပေါ့နော်။ ဒီထိုင်းအာဏာပိုင်တွေက ကျနော်တို့ ဒီဒုက္ခသည် Document နဲ့ လက် ခံရင်တော့ ပိုကောင်းတယ် ဟု ပြောသည်။

လက်ရှိတွင် ထိုင်းအစိုးရ၏ မူဝါဒဆိုင်ရာ ကန့်သတ်ချက်များကြောင့် ဒုက္ခသည်စခန်းများမှ ကျောင်းနေအရွယ် ကလေးများမှာ အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးကို လွတ်လပ်စွာ သင်ကြားခွင့် မရဘဲ ဖြစ်နေရသဖြင့် မိဘများအကြား ကလေးများ၏ အနာဂတ်အတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ဓါတ်ပုံ – KRCEE (ပုံဟောင်း)