မကွေး – ရခိုင်အစပ်တိုက်ပွဲ စစ်တပ်က တပ်ရင်းမှူး ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့် ရခိုင်ပြည်အစပ်တွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ တပ်ရင်းမှူး နှစ်ဦး အပါအဝင် အကျအဆုံး များပြားနေ ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းသို့ ပြန်လည် ထိုးဖောက်ဝင်ရောက်နိုင်ရန် အတွက် မင်းတုန်း မြို့နယ် သဖန်ရောင်၊ ဝက်ကော်၊ ပြောင်းကျေးရွာများနှင့် ပွိုင့် (၉၄၈) တောင်ကုန်းဝန်းကျင်သို့ ဩဂုတ်လ ကတည်းက စစ်အင်အားဖြည့်တင်းကာ တကျော့ပြန် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
အဆိုပါ ထိုးစစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်အုပ်စုတပ် မကွေးအခြေစိုက် တပ်မ (၅၅) လက်အောက် ခံ တပ်ရင်းများမှ တပ်ရင်းမှူး နှစ်ဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး တင်မျိုးထွဋ် နှင့် ဒုတိယဗိုလ်မှူးကြီး မြတ်သင်း ကျော် တို့ ကျဆုံးသွားကြောင်း ဒေသတွင်း သတင်းများက ဆိုသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။
မကွေးဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက “မင်းတုန်းမြို့နယ် သဖန်ရောင်- တလိုင်းတောင်း ရိုးမ ကျော် လမ်းမှာ တိုက်ပွဲဖြစ်လိုက် ပြန်ငြိမ်သွားလိုက်နဲ့ဖြစ်နေတာပါ။ အခုရက်ပိုင်း တိုက်ပွဲပြင်းထန်တယ်၊ စစ်တပ် အင်အားဖြည့်နေတာ ဩဂုတ်လကတည်းကပါ။ အခုတော့ ပြောင်းရွာ၊ ဝက်ကော်ရွာ၊ သဖန်းရောင်၊ ပွိုင့် ၉၄၈ အဲ့နေရာတွေမှာ စစ်ကြောင်းထိုးတဲ့ စစ်တပ်နဲ့ အေအေ တိုက်ပွဲပြင်းထန်နေတာပါ။ လက်ရှိ တိုက်ပွဲတွေ ဆက်ရှိနေတယ်၊ စစ်တပ် အထိအခိုက်များတယ်၊ အရာရှိတွေတောင် ကျတယ်” ဟု ပြောသည်။
ထို့ပြင် မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီးနှင့် ပွိုင့် (၉၄၈) တောင်ကုန်းအနီး၌ စက်တင်ဘာလ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းအထိ နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်အုပ်စုတပ် စစ်ကြောင်းများထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်အုပ်စုတပ်ဖွဲ့ဝင် ရုပ်အလောင်းအချို့၏ ဓာတ်ပုံများကို အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၂၂ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
စစ်အုပ်စုတပ်သည် ရခိုင်နှင့် မင်းတုန်း ကုန်သွယ်စီးဆင်းနေသည့် အဓိကလမ်းကြောင်းဖြစ်သော တလိုင်းတောင်း လမ်းကို ပိတ်ဆို့ထားပြီး AA ရှိနိုင်သည့် နေရာများကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြု လုပ်လျက်ရှိသည်။
မြေပြင်တွင်လည်း အင်အား ၁,၀၀၀ နီးပါးဖြင့် အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်နေ သဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “မင်းတုန်းရခိုင်အစပ်ကျေးရွာတွေက မတည်ငြိမ်တာ နှစ်ချီနေပါပြီ။ ရွာတွေထဲ ပြန်နေလိုက် ပြေးလိုက်ပါပဲ။ သဖန်ရောင်၊ ဝက်ကော်၊ ပြောင်း နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက လူတွေက အကုန်ထွက်ပြေးနေကြတယ်” ဟု ပြောသည်။
လက်ရှိတွင် သဖန်ရောင်၊ ဝက်ကော်နှင့် ပြောင်းကျေးရွာအပါအဝင် မင်းတုန်း-ရခိုင်နယ်စပ် ကျေးရွာများမှ ဒေသခံများမှာ အိုးအိမ်ပစ်ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များကြောင့် နှစ်ဖက်တိုက်ပွဲမှာ ဆက်လက် အရှိန်မြင့်တက်နေဆဲ ဖြစ်သည်။
ဓါတ်ပုံ – ULA/AA