မကွေးတိုင်း ကံမတွင် မြေနုကျွန်း ကမ်းပါးကျွံကျ၍ ဒေသခံ ၁၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
မကွေးတိုင်း၊ သရက်ခရိုင် ကံမမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ မြေနုကျွန်းတွင် ကမ်းပါးပြို၍ မြေအောက်သို့ ကျွံကျမှု ဖြစ်ပွားခဲ့သဖြင့် ဘေးအန္တရာယ် စိုးရိမ်ရသည့် အိမ်ခြေ ၃၆ လုံးမှ ဒေသခံ ၁၀၀ ကျော်ကို ဘေးလွတ်ရာ သို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စီးဆင်းလာသည့် တောင်ကျရေ၊ ချောင်းရေများ၏ ရေစီးအားသည် ဧရာဝတီ မြစ်ရေနှင့် ထိပ်တိုက်တွေ့ဆုံကာ ဝဲကတော့ဖြစ်ပေါ်ပြီး မြေအောက်သို့ ရေများ ဝင်ရောက်လှိုက်စားရာမှ အောက်တိုဘာလ ၅ ရက်နေ့၊ ည ၉ နာရီ မိနစ် ၅၀ ဝန်းကျင်တွင် မြေကျွံကျ၍ မြစ်ကမ်းပါး ပြိုကျခဲ့ခြင်း ဖြစ် သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၆၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက “မိုးများတော့ ချောင်းရေတွေက မြစ်ထဲ ဝါးလုံးထိုး ဆင်းတယ်။ ကျောက်မော်ဦး ရေဝဲနဲ့ ဆုံပြီး မြေအောက်က ရေဝင် ပြိုကျတာ။ ကမ်းပါး လည်း ပြိုတာပေါ့” ဟု ပြောသည်။
ကမ်းပါးပြိုကျမှုကြောင့် စိုးရိမ်ရသည့် အိမ်ခြေ ၃၆ လုံးမှ လူဦးရေ ၁၀၀ ကျော်ကို ကံမမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက မြို့နယ် သာသနာ့ဗိမာန်သို့ အရေးပေါ် ကူညီရွှေ့ပြောင်း နေရာချ ထားပေးခဲ့ရသည်။
ယခု ပြိုကျသည့် မြေနုကျွန်းမှာ အမှတ် (၂) ရပ်ကွက်၏ အစိတ်အပိုင်း ရပ်ကွက်ငယ်တစ်ခုဖြစ်ပြီး၊ ဒေသခံများ သည် စာသင်ကျောင်းနှင့် သာမန် ရေကြီးရေလျှံမှုများတွင် မြို့ပေါ်သို့ ရွှေ့ပြောင်းနေထိုင်ရန် မလိုဘဲ အစဉ် အဆက် နေထိုင်လာကြသူများ ဖြစ်ကြောင်း ဆိုသည်။
ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူ အသက် ၄၀ အရွယ် ဒေသခံတစ်ဦးကလည်း “ရွှေစည်းခုံဘုရားရဲ့ အရှေ့ဘက် မြေနုကျွန်းပေါ်မှာ နေကြတာ။ သာမန် ရေကြီးရုံနဲ့ မရွှေ့ရဘူး။ အခုက အောက်က လှိုက်စားပြီး ကျွံကျလို့ အရေးပေါ် ရွှေ့ရတာ” ဟု ပြောသည်။
မကွေးတိုင်းအတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများသည် မိုးရာသီနှင့် မြစ်ရေကျချိန်များတွင် မြစ်ကမ်းပါး ပြိုကျမှုများကို နှစ်စဉ် ကြုံတွေ့နေရခြင်း ဖြစ်သည်။
ယခု ၂၀၂၆ ခုနှစ်အတွင်း ဧရာဝတီမြစ်ရေ သုံးကြိမ်ထက်မနည်း စိုးရိမ်ရေမှတ် အထက် မြင့်တက်ခဲ့မှုကြောင့် ကံမမြို့နယ်အပြင် ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ဆိပ်ဖြူ၊ ရေနံချောင်း၊ မကွေး၊ မင်းဘူးနှင့် အောင်လံမြို့နယ်တို့၌ လည်း မြစ်ကမ်းပါး ပြိုကျမှုများ ဖြစ်ပွားလျက်ရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန် သည်။
ဓါတ်ပုံ – Crd