စစ်တွေ အနီးက ငပြီကျွန်းသို့ စစ်အုပ်စု ကမ်းတက်ရန် ကြိုးပမ်းစဉ် ရေယာဉ်များ လက်နက်ကြီးထိမှန်၍ နောက်ဆုတ်ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ပေါက်တောမြို့နယ်အကြား အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ငပြီကျွန်းကို စစ်အုပ်စုက ကြည်း၊ ရေ၊ လေ ပစ်ကူများ အသုံးပြု၍ ကမ်းတက်ရန် ကြိုးပမ်းစဉ် နှစ်ကြားတိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စု ရေယာဉ်အချို့ လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်း အရင်းအမြစ်များ က ပြောသည်။
စစ်တွေမြို့ အရှေ့ဘက် ကုလားတန်မြစ်အတွင်းရှိ ငပြီကျွန်းကို အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် စစ်အုပ်စုက ကမ်းတက်နိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး၊ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
အဆိုပါ တိုက်ပွဲအတွင်း ကမ်းတက်ရန် ကြိုးစားနေသည့် ရေယာဉ်အုပ်စုကို AA က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့သဖြင့် စစ်ရေယာဉ် ၂ စင်း ထိမှန်ကာ မီးခိုးများ ထွက်သွားပြီးနောက် နောက်ဆုတ်သွားခဲ့ရသည်။
စစ်တွေဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “အောက်တိုဘာ ၇ ရက် ညဘက်မှာ ကုလား တန်မြစ်ထဲက ငပြီကျွန်းကို ကမ်းတက်ဖို့ စစ်တပ် ရေယာဉ် ၉ စင်း ပြင်ဆင်လာခဲ့တာလို့ သိရတယ်။ တပ်စိပ် ၂ ခုလောက်က ကမ်းကို မရမကတက်တာ AA လက်ထဲ ရောက်သွားတယ်။ အခု ၃၀ ကျော်လောက် သေတယ်လို့ သိရတယ်။ စစ်နေဗီ အနည်းဆုံး ၂ စင်းလောက်ကို AA က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မီးခိုးတွေ ထွက်နေတယ်။ စစ်တွေမြို့ပေါ်ကပါ အသံတွေ ကြားရတယ်။ ဒီနေ့ အောက်တိုဘာ ၉ ရက် မနက် ၆ နာရီလောက်ကစလို့ Y-12 တွေနဲ့ ငပြီကျွန်းကို စစ်တပ် ဗုံးကြဲနေတယ်” ဟု ပြောသည်။
ကမ်းတက်ရန် ကြိုးပမ်းမှု ပျက်ပြားသွားပြီးနောက် စစ်အုပ်စုသည် ငပြီကျွန်းပေါ်သို့ စစ်တွေမြို့ရှိ ရွှေမင်းဂံ ရေတပ်စခန်းမှ အမြောက်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်သည့်အပြင် Y-12 လေယာဉ်များဖြင့် ဗုံးအလုံးရေ ၅၀ ထက်မနည်း အပြင်းအထန် ကြဲချလျက်ရှိသည်။
အခြား ဒေသခံ အမျိုးသားတစ်ဦးကလည်း “နေဗီတွေ လက်နက်ကြီး ကျည်ထိမှန်သွားတဲ့အတွက် စစ်တပ် ရေ ယာဉ်တွေ နောက်ဆုတ်သွားခဲ့ရပြီးနောက် ငပြီကျွန်းပေါ်ကို စစ်တပ်က ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချနေ တယ်။ ငပြီကျွန်းကို ကြည်း၊ ရေ၊ လေ ပစ်ကူတွေ အသုံးပြုပြီး အောက်တိုဘာ ၇ ရက်၊ ၈ ရက်တွေမှာ ကမ်း တက်ဖို့ ကြိုးစားခဲ့တာပါ။ စစ်တွေမြို့ပေါ်မှာ စစ်ရေးပြင်ဆင်တာတွေ၊ အင်အားဖြည့်တာတွေ ရှိနေပါတယ်” ဟု အတည်ပြု ပြောသည်။
စစ်တွေမြို့နယ် ပါဒလိတ်တပ်ရင်းအနီး၊ အမြင့်ကျွန်းနှင့် ရွှေမင်းဂံ ရေတပ်စခန်း ဝန်းကျင်တို့တွင် အာရက္ခတပ် တော် (AA) ၏ ဝန်းရံ ထိုးစစ်ဆင်မှုကို ရင်ဆိုင်နေရသည့် စစ်အုပ်စုတပ်သည် ရွှေမင်းဂံ ရေတပ်စခန်း မကျဆုံး ရေးအတွက် ငပြီကျွန်းကို ကမ်းတက် ကာကွယ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက် ကမ်းတက် တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် ၄၀ ထက်မနည်း သေဆုံးခဲ့သလို၊ ကမ်းပေါ် ရောက်ရှိလာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကိုလည်း AA က လိုက်လံ ရှင်းလင်းခဲ့သဖြင့် စစ်သင်္ဘောများ ကမ်းမကပ်ရဲတော့ဘဲ အဝေးမှသာ လက်နက်ကြီးဖြင့် လှမ်းပစ်နေရသည်။
စစ်အုပ်စုတပ်သည် ‘၄၉၂၆ စစ်ဆင်ရေး’ အမည်ဖြင့် စစ်တွေနှင့် ကျောက်ဖြူဘက်သို့ ထိုးစစ်ဆင်ခဲ့သော်လည်း ၁ လကျော်အတွင်း စစ်တွေတွင် စခန်း ၉ ခုအပါအဝင် စခန်း ၁၁ ခုထက်မနည်း လက်လွှတ်ခဲ့ရပြီး ခုခံစစ်မှသည် အာရက္ခတပ်တော် (AA) ၏ တန်ပြန်ထိုးစစ်ကို အပြင်းအထန် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
လက်ရှိတွင် AA သည် ကျားမသောက်တပ်ရင်း၊ တောကန်၊ နာရီကန်နှင့် ကံ့ကော်ကျွန်း ဝန်းကျင်တို့အပြင် စစ်တွေမြို့ အနောက်ဘက်ရှိ ရေချမ်းပြင်နှင့် ကြွီတဲအနီးတို့တွင်ပါ စစ်မျက်နှာသစ်များ ဖွင့်လှစ်၍ စစ်တွေမြို့ ပေါ်ရှိ စစ်အုပ်စုတပ်များကို ပိတ်ဆို့ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ပိုမို ပြင်းထန်လာနေသည်။
ဓာတ်ပုံ – (AA Info Desk – ပုံဟောင်း / မင်းပြားမြို့နယ်တွင် စစ်အုပ်စု ဇက်ရေယာဉ်တစ်စင်းကို AA က သိမ်း ပိုက်ထားစဉ်။)