တနင်္သာရီတိုင်း ကျွန်းစုတွင် ပျူစောထီးကင်းစခန်း တိုက်ခိုက်ခံရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ မိုင်းတွေးကျေးရွာရှိ ဒေသခံများနှင့် လှေဖြင့် ကူးသန်းသွားလာနေသူများကို ဖမ်းဆီးငွေကြေးညှစ်ထုတ်နေသော ပျူစောထီးကင်းစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

အဆိုပါ ပျူစောထီးကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အောက်တိုဘာလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က မိုင်းတွေးကျေးရွာ တံတားဦးတွင် အခိုင်အမာ တည်ဆောက်ထားသော အဆိုပါ ပျူစောထီးကင်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က ပြန်လည် ဆုတ်ခွာ ခဲ့ကြသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “တိုက်ပွဲက မိနစ် ၂၀ လောက်ပဲ နှစ်ဘက်အပြန်အလှန်ပစ်ခတ်ကြတာ၊ ပြည်သူ့ကာ ကွယ်ရေးဘက်က အရင်ပြန်ဆုတ်လာခဲ့တယ်။ ပျူစောထီး တွေဘက်က ထိခိုက်မှုကိုတော့ စုံစမ်းနေတုန်းပါပဲ” ဟု ပြောသည်။

တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ဆိုသည်။

မိုင်းတွေးကျေးရွာတွင် ပျူစောထီး ကင်းစခန်းများစွာ ရှိနေပြီး၊ အထူးသဖြင့် တံတားအဖျားတွင် တည်ဆောက် ထားသည့် ကင်းစခန်းများမှာ အနီးဝန်းကျင် ကျေးရွာများမှ စားနပ်ရိက္ခာ လာရောက်ဝယ်ယူသည့် လှေများကို ဖမ်းဆီးကာ ငွေကြေးညှစ်ထုတ်မှုများကို မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ် ရေး အဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

မိုင်းတွေးကျေးရွာရှိ ပျူစောထီးများသည် ရွာတံတားနှင့် ကမ်းစပ်များတွင် ကင်းစခန်းများ ချထားကြပြီး ကုန်တင်လှေများနှင့် ခရီးသည်လှေများ ဖြတ်သန်းသွားလာသည့်အခါ ၎င်းတို့ထံသို့ မဖြစ်မနေ ဝင်ရောက်ကာ လက်မှတ်ထိုးခြင်းနှင့် ငွေကြေးပေးဆောင်ခြင်းများ ပြုလုပ်နေရကြောင်း ဒေသခံများက ပြောသည်။

ဓါတ်ပုံ – Crd