ထားဝယ်ခရိုင်တွင် စစ်အုပ်စုတပ်က ဈေးဝယ်လာသည့် လူငယ်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်
။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာအနီးတွင် စစ်ကြောင်းထိုး နေသည့် စစ်အုပ်စုတပ်က အပြစ်မဲ့ အရပ်သား လူငယ်တစ်ဦးကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။

သေဆုံးသွားသူမှာ သဲချောင်းကြီးကျေးရွာတွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် ကိုအောင်ပိုင်ဖြိုး ဖြစ်ပြီး အောက်တိုဘာလ ၆ ရက်နေ့က စုံစင်ဖျားကျေးရွာသို့ ဈေးဝယ်ယူရန် သွားရောက်စဉ် စစ်အုပ်စုတပ်နှင့် တိုးမိကာ ဖမ်းဆီးသတ်ဖြတ် ခဲ့ရခြင်းဖြစ်သည်။

၎င်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် စစ်ကြောင်းတွင် စစ်အုပ်စုတပ်၏ ခမရ (၄၀၃)၊ ခမရ (၄၀၄) နှင့် ခမရ (၄၀၉) ပူးပေါင်းတပ်များ ပါဝင်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) က အောက်တိုဘာလ ၉ ရက်နေ့၌ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၄၀ ခန့်အရွယ် ဒေသခံ ရွာသားတစ်ဦးက “အလောင်းကို စုံစင်ဖျားရွာအဝင်က အိမ်တစ်ဆောင်အောက် မှာ မြှုပ်ထားတာတွေ့ရတယ်။ စုံစင်ဖျားမှာ စစ်တပ်ရှိနေတာကို မသိဘဲ ဝင်သွားရာမှာ ဖမ်းခံရတာပါ” ဟု ပြော သည်။

စစ်အုပ်စုတပ်သည် သရက်ချောင်းမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေး အကြောင်းပြ၍ ဘတ်ဟိုးများ၊ ကရိန်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များဖြင့် စစ်ကြောင်းထိုးလျက် ရှိပြီး အောက်တိုဘာလ ၉ ရက် ညနေပိုင်းအထိ စုံစင်ဖျားကျေးရွာနှင့် အနီးဝန်းကျင်ရှိ ဆင်ကျန်း၊ ပိတိုင်ကျေးရွာ များဘက်သို့ စစ်ရေးလှုပ်ရှားနေသည်။

ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ပြင်ဖြူကြီးကျေးရွာတွင် စခန်းချ ထားသည့် စစ်အုပ်စုတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့ပြီးနောက် စစ်အုပ်စုတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ရသည်။

လက်ရှိတွင် သဘာဝဘေးအန္တရာယ် ဆိုးကျိုးများ ကြုံတွေ့နေရသည့် သရက်ချောင်း၊ လောင်းလုံးနှင့် ရေဖြူမြို့ နယ်တို့၌ စစ်အုပ်စုတပ်က စစ်ကြောင်းထိုးနေသည့်အပြင် လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် လျက်ရှိသည်။

တစ်ဖက်တွင်လည်း ထားဝယ်ဒေသရှိ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် လွတ်လပ်စွာ သွားလာခွင့် မပြုသည့်အပြင် ကူညီထောက်ပံ့မှုများကို ဝင်ရောက်ခွင့်မပြုဘဲ အနှောင့်အယှက်အမျိုးမျိုး ပေးလျက်ရှိကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – KNU