ရခိုင်ရှိ ပေါက်တောနှင့် မြေပုံကို စစ်အုပ်စုတပ် လေကြောင်းမှ ဗုံးကြဲ၍ ကလေးအပါအဝင် ၉ ဦး သေဆုံး

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်။

ရခိုင်ပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်နှင့် မြေပုံမြို့နယ်အတွင်းရှိ အရပ်သားများ နေထိုင်ရာ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များကို စစ်အုပ်စုတပ်က လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၆ နှစ်အရွယ် ကလေးနှင့် မိခင် အပါအဝင် အရပ်သား ၉ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုတပ်သည် အောက်တိုဘာလ ၁၀ ရက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် ပေါက်တောမြို့နယ်၊ ဆင်အိုင် ကျေးရွာအတွင်းသို့ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံး ၇ လုံး ကြဲချခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောက်ဖြူ မွတ်ဆလင် IDP စခန်းမှ စစ်ဘေးရှောင်လာသည့် အသက် ၂၈ နှစ်အရွယ် မနီနီနှင့် ၎င်း၏ ၆ နှစ်အရွယ် သားဖြစ်သူ၊ အနောက်ရဲ IDP စခန်းမှ မာမောက်ချော်ရိန် (၂၀ နှစ်) နှင့် အမျိုးသမီးများ အပါအဝင် စုစုပေါင်း အရပ်သား ၈ ဦး သေဆုံးခဲ့ရကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ဆင်အိုင်ကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက “တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘူး။ စစ်ဘေးရှောင်တွေရော ရွာသူရွာသားတွေပါ အေးအေးဆေးဆေး ရှိနေကြတုန်း ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ဆက်တိုက် ကြဲချသွားတာ။ အသက် ၁၀၀ အရွယ် အဘွားအိုနဲ့ ၆ နှစ်ပဲ ရှိသေးတဲ့ ကလေးလေးပါ မိခင်နဲ့ အတူ ပွဲချင်းပြီး သေသွားရတာ ဖြစ်စဉ်က တကယ်ကို ရင်နာဖို့ကောင်းပါတယ်” ဟု ပြောသည်။

ထို့ပြင် အောက်တိုဘာလ ၁၁ ရက် နေ့လယ် ၂ နာရီ ၁၈ မိနစ်ခန့်တွင် ပေါက်တောမြို့ပေါ်ရှိ အမှတ် (၃) ရပ်ကွက် သို့ စစ်အုပ်စုတပ်၏ Y-12 လေယာဉ်က ဗုံး ၂ လုံး ထပ်မံကြဲချခဲ့သဖြင့် အသက် ၁၁ နှစ် အရွယ် ယောကျ်ားလေး တစ်ဦး အပါအဝင် ၃ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

တစ်ဖက်တွင်လည်း အောက်တိုဘာလ ၁၀ ရက်နေ့၊ ည ၁၁ နာရီခွဲကျော်တွင် မြေပုံမြို့၊ ရွာသစ်ကေရပ်ကွက်သို့ စစ်အုပ်စုတပ်၏ ဂျက်တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြင်းထန်သည့် ပေါက်ကွဲသံနှင့် တုန်ခါမှုကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဦးအောင်ဆန်းဝင်းမှာ ဦးခေါင်းနှင့် နောက်ကျောတို့တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့၍ အသက်အန္တရာယ် စိုးရိမ်နေရသည်။

မြေပုံမြို့ခံ အမျိုးသမီးတစ်ဦးကလည်း “သန်းခေါင်ချိန်ပေါ့ ပြည်သူတွေ အိပ်မောကျနေချိန်မှာ လာကြဲတာပါ။ ဗုံးသံ ကြောက်စရာကြီးနဲ့အတူ အိမ်တွေပါ တုန်ခါသွားတော့ အဘွားတစ်ယောက် နှလုံးရပ်ပြီး ဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ဆေးကုဖို့ အတော်လေး ခက်ခဲနေကြတယ်” ဟု ပြောသည်။

ဤဗုံးကြဲတိုက်ခိုက်မှုများသည် စစ်တွေနှင့် အနီးရှိ ငပြီကျွန်းတို့တွင် တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အခြားတစ်ဖက် တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ဘေးရှောင်များနှင့် အရပ်သားပြည်သူများ ခိုလှုံနေသည့် ကျေးရွာများ ကိုပါ ပစ်မှတ်ထား၍ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံပြည်သူများ အသက် အန္တရာယ် အတွက် အထူးစိုးရိမ်နေကြရသည်။

ဓါတ်ပုံ – (အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းက ပေါက်တောမြို့နယ်၊ ဆင်အိုင်ကျေးရွာကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့မှုကြောင့် ပျက်စီးသွားသည့် မြင်ကွင်း။ / Arakan Princess Media)