SSJAC ၏ စွပ်စွဲချက်များ မြေပြင်အခြေအနေနှင့် ကွဲလွဲနေကြောင်း MNDAA ချေပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
ရှမ်းပြည် မြောက်ပိုင်းတွင် တိုင်းရင်းသားများ၏ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှုများအပေါ် ကိုးကန့်တပ် (MNDAA) က အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးနေသည်ဟူသော ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) ၏ စွပ်စွဲကန့်ကွက်ချက်များကို မြေပြင်အခြေအနေနှင့် လုံးဝကွဲလွဲနေကြောင်း MNDAA က ပြန်လည်ချေပ ငြင်းဆိုလိုက်သည်။
အောက်တိုဘာလ ၂၇ ရက်နေ့က MNDAA ၏ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက “ရှမ်းပြည် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (SSJAC) သို့ အိတ်ဖွင့်ပေးစာ” ထုတ်ပြန်ကာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့ က SSJAC ၏ ထုတ်ပြန်ချက်ပါ စွပ်စွဲချက်များသည် တိုင်းရင်းသားများအကြား လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
SSJAC ၏ ထုတ်ပြန်ချက်တွင် ဘာသာစကားအသုံးပြုရန် ဖိအားပေးခြင်း၊ မြေယာသိမ်းဆည်းခြင်း၊ နိုင်ငံခြားသား ဝင်ရောက်လွှမ်းမိုးမှုနှင့် မြို့ရွာအမည်များ အတင်းအကျပ် ပြောင်းလဲခြင်း စသည့် အချက်များ ပါဝင်ခဲ့သည်။
သို့သော် ဤအချက်များနှင့်ပတ်သက်၍ ဘာသာစကားနှင့် ပညာရေးဆိုင်ရာကိစ္စများတွင် မြန်မာဘာသာကို မူလ အတိုင်း သင်ကြားပေးနေပြီး အင်္ဂလိပ်စာကို သူငယ်တန်းမှစတင်ကာ တရုတ်ဘာသာကို ရွေးချယ်သင်ယူနိုင်သည့် ဘာသာရပ်အဖြစ်သာ သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားများ၏ ဘာသာစကားများကိုလည်း သင်ကြားခွင့်ပြုထားကြောင်း MNDAA က ရှင်းလင်းဖော်ပြထားသည်။
သို့သော် ရှမ်းမြောက်ဒေသခံ ပြည်သူတစ်ဦးက “လက်ရှိမြေပြင်အုပ်ချုပ်ရေးမှာတော့ ဒေသခံ ရှမ်း၊ တအာင်းနဲ့ နောက်ပြီး ဗမာ (မြန်မာ) ဘာသာစာတွေနဲ့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်၊ တရုတ်စာ ဆိုင်းဘုတ်တွေ နဲ့ အစားထိုး အဲ့လိုမျိူးလုပ်တယ်။ ကွတ်ခိုင်မှာဆိုရင် စစ်တပ် တပ်ရင်းကိုတောင် တရုတ်စာနဲ့ ရေးထားတာ။ မြို့ အဝင်ဆိုင်းဘုတ်တွေလည်း အဲ့လိုပဲလေ။ ကျနော်တို့ ရှမ်းပြည်က ရှမ်းမြောက်က အခုဆိုရင် နေရာတော်တော် များများမှာ တရုတ်စာတွေပဲ။ သိန္နီမြို့မှာဆိုရင် သမိုင်းအမွေအနှစ်နေရာတွေပါ မကျန်ဘူး” ဟု မြေပြင် အခြေ အနေကို ပြောသည်။
မြေယာပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍လည်း နိုင်ငံခြားသားများကို မြေယာပိုင်ဆိုင်ခွင့် ခွင့်ပြုထားခြင်း မရှိဘဲ အထူး ဒေသ (၁) မှတ်ပုံတင်ကိုင်ဆောင်ထားသူများ သို့မဟုတ် မြန်မာနိုင်ငံသားများသာ တရားဝင်ပိုင်ဆိုင်ခွင့်ရှိကြောင်း၊ မြို့ရွာအမည်များကိုလည်း မူလအမည်များအတိုင်း ဆက်လက်ထားရှိပြီး အချို့ဒေသများတွင် အုပ်ချုပ်ရေး လွယ် ကူစေရန် ကိုးကန့်ဘာသာစကားဖြင့် တွဲဖက်အသုံးပြုခြင်းသာ ရှိကြောင်း ငြင်းဆိုထားသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း ဥပဒေဘောင်အတွင်းသာ ဆောင်ရွက်စေခြင်းဖြစ်ကြောင်း ဆိုသည်။
သို့သော် လက်နက်ကိုင် အဖွဲ့အစည်းများအချင်းချင်း အပြန်အလှန် တုံ့ပြန်ပြောဆိုမှုများနှင့် တင်းမာမှုများ မြင့်တက်လာနေခြင်းကြောင့် ဒေသခံပြည်သူများအကြားတွင် ကြီးမားသော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက် ရှိသည်။
‘၁၀၂၇ စစ်ဆင်ရေး’ ၃ နှစ်ပြည့် အချိန်အခါသမယနှင့် တိုက်ဆိုင်နေချိန်တွင် ရှမ်းမြောက်ဒေသအတွင်း တကျော့ ပြန် တိုက်ပွဲများနှင့် လူမျိုးရေးပဋိပက္ခများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ဒေသတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက “အခုလို အဖွဲ့အစည်းတွေ အချင်းချင်း စကားတင်တာတွေ၊ သဘောထားကွဲလွဲတာတွေ လုပ်လာကြတော့ မြေပြင်မှာရှိတဲ့ ပြည်သူတွေက အစစအရာရာ စိုးရိမ်နေရတယ်။ တကျော့ပြန်ပဋိပက္ခတွေ ဖြစ်လာမှာကို တကယ်ကို ရင်တထိတ်ထိတ်နဲ့ ဖြတ် သန်းနေရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေပြီး လူမျိုးရေးပဋိပက္ခအသွင် ဖန်တီးလာမည့် မည် သည့်နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှုကိုမဆို ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း MNDAA က ဆိုသည်။
ထိုသို့ လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သော အကျိုးဆက်များအတွက် SSJAC ဘက်မှသာ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း MNDAA က တင်းမာသည့် သတိပေးချက် ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – (တအာင်းနှင့်ရှမ်းရွာ အဝင် ဆိုင်းဘုတ်များ ဖျက်ဆီးခံထားရပုံ / Credit to Original Uploader)