ဆေးရုံများကို ဗုံးကြဲမှု စစ်ရာဇဝတ်မှု မြောက်ကြောင်း AA ထောက်ပြ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။
ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာနေချိန်တွင် မြောက်ဦးမြို့ရှိ သားဖွားဆေးရုံ ဗုံးကြဲခံရမှုသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း အာရက္ခ တပ်တော် (ULA/AA) က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး ပါဝင်ပတ်သက်သူများကို လက်တုံ့ပြန် ဆောင်ရွက်သွားမည်ဟု ပြောဆိုလိုက်သည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နယ်မြေအများအပြား ဆုံးရှုံးထားရသည့် စစ်အုပ်စုတပ်သည် အရပ်သား ပြည်သူများ စိုးမိုးရာ ဒေသများကို ပစ်မှတ်ထား၍ လေကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှုများကို အလွန်အမင်း တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်က ရပ်ရွာများ၊ စစ်ရှောင်စခန်းများနှင့် ဆေးရုံများကို ညဉ့်အချိန်ပါမကျန် ဗုံးကြဲနေသဖြင့် နိုဝင်ဘာလ ပထမပတ်အတွင်း၌ပင် ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
နိုဝင်ဘာလ ၁ ရက်က မြောက်ဦးမြို့နယ်အတွင်းရှိ သားဖွားဆေးရုံကို စစ်အုပ်စုတပ်က လေကြောင်းမှ ရည်ရွယ် ချက်ရှိရှိ ဗုံးကြဲခဲ့သဖြင့် မွေးကင်းစကလေးငယ် အပါအဝင် ပြည်သူ ၅ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် နိုဝင်ဘာလ ၅ ရက် ည ၁၁ နာရီခွဲဝန်းကျင်တွင်လည်း မြောက်ဦး-အဉ္ဇနပူရ (မင်းပြား) အဝေးပြေးကား လမ်းအနီး နန်းကျားကျေးရွာကို ဗုံးကြဲခဲ့၍ အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန် ၄ လရှိ အမျိုးသမီးတစ်ဦး သေဆုံးပြီး အရပ်သား ၁၂ ဦး ဒဏ်ရာရခဲ့သည်။
စစ်ရေးပစ်မှတ် မဟုတ်သည့် ဆေးရုံ ဆေးခန်းများကို ဦးတည်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ULA/AA ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ယခုကဲ့သို့ ပြောသည်။
“ဒီသားဖွားဆေးရုံကို ဗုံးကြဲခံရတဲ့ ဖြစ်ရပ်ဟာ လူ့ သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံး နဲ့ ဝမ်းနည်းကြေကွဲ ဖွယ်ရာ ဖြစ်ရပ်ဆိုးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ မြန်မာအကြမ်းဖက် ဖက်ဆစ် စစ်တပ်ဟာ အာရ က္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဒီ ဆေးရုံ တွေ ပြည်သူတွေ အများပြည်သူ အသုံးပြုတဲ့ ဒီ လမ်းတံတား တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိနေပါတယ်။ ဒီလုပ်ရပ်တွေဟာ အင်မတန်အောက် တန်းကျ ယုတ်မာတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက် တိုက်ခိုက်တာဟာ ဒီလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို ချိုးဖောက်တာ ဖြစ်ပြီးတော့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာ ဖြစ်ပါတယ်။”
အရပ်သားများ ထိခိုက်သေဆုံးခဲ့ရမှုအတွက် တရားမျှတမှု ရရှိရေး ဆောင်ရွက်သွားမည့် အခြေအနေ ကိုလည်း ခိုင်သုခက ဆက်ပြောသည်။
“ဒီအကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ထိခိုက်သေဆုံးဒဏ်ရာ ရခဲ့ကြတဲ့ ကျနော်တို့ ပြည်သူတွေ အတွက် တရားမျှတမှု ရရှိရေး ပါဝင်ပတ်သက်သူ တစ်ယောက်ချင်းစီတိုင်းကို လက်တုန့်ပြန် အရေးယူနိုင်ဖို့ ကျနော်တို့ ULA/AA အနေနဲ့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
စစ်အုပ်စုတပ်သည် ဆုံးရှုံးသွားသည့် ဒေသများကို ပြန်လည်စိုးမိုးရန် ကြိုးပမ်းရာတွင် ပြည်သူများ၏ လူမှုစီးပွား ဘဝနှင့် ကုန်သွယ်မှုများကို ဖြတ်တောက်နိုင်ရန် လမ်းတံတား၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။
မြန်မာအင်တာနက်ပရောဂျက် (MIP) ၏ မှတ်တမ်းများအရ ပြီးခဲ့သည့် သုံးလအတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၈၁ ကြိမ် ရှိခဲ့ပြီး၊ အဆိုပါအနက် ၉၆ ရာခိုင်နှုန်းကျော်မှာ ဆက်သွယ်ရေး ဖြတ်တောက်ခံထားရသည့် ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းအနက် ရခိုင်ပြည်နယ်သည် လေကြောင်းတိုက်ခိုက်မှု ၁၅၁ ကြိမ်ဖြင့် အများဆုံး ဖြစ်ပွားခဲ့ကာ နိုင်ငံတစ်ဝန်း အရပ်သား အနည်းဆုံး ၃၅၃ ဦး သေဆုံးခဲ့ရသည်။
ထိုကဲ့သို့ လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ယခုကဲ့သို့ မှတ်ချက်ပေးသည်။
“စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်တဲ့ ပုံစံတွေက မြင့်လာတယ်။ အရပ်သားတွေကို သေစေတာတွေနော စာ သင်ကျောင်းနဲ့ နေအိမ်တွေ ဘာသာရေး သာသနိက အဆောက်အအုံတွေပါ ဆက်တိုက် ပစ်မှတ်ထားပြီး တိုက် ခိုက်နေတာ ဖြစ်ပါတယ်။ ဒါ တွေဟာ ကျနော်တို့ International Humanitarian Law အရဆိုရင် War Crime မြောက်တယ်လို့ ကျနော် တို့ ခဏခဏ ပြောတယ်။ ဒီလိုတိုက်ခိုက်မှုတွေဟာ အရပ်သား လူထုတွေ အပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဒါမှမဟုတ် စနစ်တကျ ကျူးလွန်တိုက်ခိုက်မှုတွေရဲ့ အစိတ်အပိုင်း ဖြစ်လာတာ တွေ့ရတယ်။ ဒါဆိုလို့ရှိရင် ကျနော်တို့ Crime against Humanitarian လို့ခေါ်တဲ့ ကျနော်တို့ ဒီ လူသားမျိုး နွယ်တွေအပေါ်မှာ ဒီကျူးလွန်တဲ့ ရာဇ ဝတ်မှုတွေ တစ်စတစ်စ ကျနော်တို့ ဖြစ်လာတာကို တွေ့ရတယ်။”
အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်သည် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် တိုးမြှင့် လုပ်ဆောင်နေဆဲ ဖြစ်ရာ မြေပြင်တွင် အမှန်တကယ် သေဆုံးထိခိုက်သည့် ပမာဏမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း ဒေသခံများနှင့် ပရဟိတအဖွဲ့များက ပြောသည်။
ဓာတ်ပုံ – AA Info Desk