မကွေးတိုင်း မင်းတုန်းမြို့နယ်တွင် စစ်အုပ်စု ဗုံးကြဲမှုကြောင့် အရပ်သား အမျိုးသမီးတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာများဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီနှင့် ၁ နာရီ ၁၀ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက် ဖိုက်တာ ၂ စီးက မင်းတုန်းမြို့နယ်ရှိ ကံမနိုင်ကျေးရွာနှင့် ကြိုဝကျေးရွာတို့ကို ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကံမနိုင်ကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ဒေါ်အေးနွယ်ဝင်းမှာ နေရာတွင် သေဆုံး ခဲ့ပြီး၊ အသက် ၄၆ နှစ်အရွယ် ဦးထွန်းထွန်းနိုင်မှာ မျက်နှာဗုံးစ ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ ဒေသခံနေအိမ် ၅ လုံးလည်း ပျက်စီးသွားခဲ့သည်။

မင်းတုန်းဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မင်းတုန်းက လက်ရှိ စစ်ရေးအရ စစ်ကြောင်းတွေ အများစု ရိုးမပေါ် တက်စစ်ကြောင်းထိုးနေသလို ပြည်သူလူထုနေထိုင်တဲ့ နေရာတွေကိုလည်း ဗုံးကြဲတာတွေ များနေပါ တယ်။ သတင်းတွေက အပြင်အရမ်း မပေါက်လို့ပါ။ နေ့တိုင်းလိုလို ရိုးမရင်းမှာ တိုက်ပွဲရှိတယ်။ ရခိုင်စစ်ရှောင် တွေ သေတယ်၊ ဒေသခံတွေ သေတယ်။ စစ်မှုထမ်းတပ်သားတွေ ပြေးတာရှိတယ်။ မင်းတုန်းက ရခိုင်ပြည် အမ်း မြို့နယ်နဲ့ စပ်တယ်လေ၊ မင်းတုန်းနယ် အနောက်ခြမ်း ရိုးမကို ဖြတ်ပြီး ရခိုင်ပြည်ဘက် ထိုးဖောက်နိုင်ဖို့ စစ်အုပ် စုက မေလကစတင်ပြီး အင်အားဖြည့် စစ်ကြောင်းထိုးနေတာ” ဟု ပြောသည်။

စစ်အုပ်စုသည် အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းများမှ အင်အား ၃,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ကာ ရခိုင်ရိုးမအခြေရှိ ကျေးရွာများတွင် ဖြန့်ခွဲနေရာယူထားပြီး အမ်းမြို့နယ်ဘက်သို့ ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

သို့သော် အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်တပ်ဖွဲ့များ၏ ပူးပေါင်းခုခံမှုကြောင့် စစ်ကြောင်းများ ရှေ့မဆက် နိုင်ဘဲ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ထို့ပြင် မြေပြင်တွင် စစ်ရေးရှုံးနိမ့်နေသည့် စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုများကိုပါ အရှိန်မြှင့်လုပ် ဆောင်လာရာ မင်းတုန်းမြို့နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ နှစ်လကျော် အတွင်း အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်။

ဒေသတွင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးကလည်း “မင်းတုန်းမြို့ ရိုးမအစပ်က ရွာတွေမှာ နေ့တိုင်းလိုလို တိုက်ပွဲတွေ ရှိလို့ ကျမတို့ ပြေးနေရတာပါ။ စစ်တပ်က ဗုံးကြဲတယ်။ စစ်ရှောင်တွေကို ဖမ်း တယ်။ သတ်တယ်။ ပေါ်တာခေါ်တယ်။ နေစရာမရှိလို့ တတ်နိုင်သလောက် ကပ်ပြီးနေနေကြရတ။ ရိုးမနားက မလုံခြုံပါဘူး။ ကျမတို့ ရခိုင်စစ်ရှောင်တွေက ဗုံးထိလို့ သေတာရှိသလို မိုင်းနင်းမိတာ၊ ဖမ်းပြီး သတ်ခံရတာတွေ လည်း ရှိပါတယ်။ ရိုးမနားရွာတွေက ပြောင်းရွှေ့ဖို့ ငွေလိုသလို စာရွက်စာတန်းတွေလည်း လိုပါတယ်” ဟု ပြောသည်။

သရက်ခရိုင် ပကဖ ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် တစ်လအတွင်း သရက်ခရိုင်အတွင်း တိုက်ပွဲမရှိသည့် နေရာများကိုပါ စစ်အုပ်စုက ပါရာမော်တာ၊ အသေခံဒရုန်း၊ Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် အကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

လက်ရှိတွင်လည်း စစ်အုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ ကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန်နှင့် လက်နက်ကြီးရန်များကို အထူးသတိပြုနေထိုင်ကြရန် တပ်ရင်း (၄) က သတိပေး ထုတ်ပြန် ထားသည်။

ပုံစာ -မင်းတုန်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ။ / (ဓာတ်ပုံ – Original uploader)