စစ်အုပ်စုကို တိုက်ခိုက်ရာတွင် CPA နှင့် ညီရင်းအစ်ကိုကဲ့သို့ ပူးပေါင်းမည်ဟု AA ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။
ချင်းပြည်အတွင်း စစ်အုပ်စုတပ်ကို အတူတကွ ခုခံကာကွယ်နေကြသည့် အာရက္ခတပ်တော် (AA) နှင့် ချင်းပြည် သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) တို့၏ နှစ်ဖက် မဟာမိတ်ဆက်ဆံရေးမှာ ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် အပြန်အလှန် ပံ့ပိုးကူညီလျက် ရှိကြောင်း နှစ်ဖက် တရားဝင် ထုတ်ပြန်ချက်များနှင့် မြေပြင် သတင်းရင်းမြစ်များအရ သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့က ကျရောက်ခဲ့သည့် CPU/CPA ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်သို့ ULA/AA က ပေးပို့ခဲ့သော ဂုဏ်ပြုသဝဏ်လွှာတွင် ခက်ခဲကြမ်းတမ်းသည့် တော်လှန်ရေးခရီးတွင် အိမ်နီးချင်း မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီရင်းအစ်ကိုကောင်းစိတ်ဓာတ်ဖြင့် ဆက်လက်ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ချင်းပြည်သူ့တပ်မတော်နှင့် နီးစပ်သူ တော်လှန်ရေးသမားတစ်ဦးက “ကျနော်တို့သိသလောက် CPU နဲ့ အေအေ ပူးပေါင်းလုပ်ဆောင်နေတာ အများကြီးပဲ။ ဆွေးနွေးတာတွေလည်း ရှိတယ်၊ ရှေ့ဆက်လုပ်ဆောင်မှာတွေလည်း ပြောထားကြတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီထားတယ်။ ချင်းလူမျိုးနဲ့ ရခိုင်ကို သွေးခွဲတာ အကဲဆပ် တာတွေကိုလည်း ဖြေရှင်းဆွေးနွေးတာတွေ လုပ်နေတယ်လို့ သိထားတယ်” ဟု ပြောသည်။
ထို့ပြင် ULA/AA ၏ ဂုဏ်ပြုသဝဏ်လွှာထဲတွင် စစ်ရေးစွမ်းရည်နှင့် တိုက်ခိုက်ရေးစွမ်းရည်များ တိုးတက်စေရန် တိုက်တွန်းထားပြီး တော်လှန်ရေးကာလအတွင်း အသက်ပေးလှူခဲ့ကြသည့် ချင်းအာဇာနည်ရဲဘော်များနှင့် လက် ရှိစစ်မြေပြင်တွင် ခုခံကာကွယ်နေကြသည့် CPA ရဲဘော်များကို အထူးတန်ဖိုးထားလေးစားကြောင်း ဖော်ပြထား သည်။
“အိမ်နီးချင်းမိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီရင်းအစ်ကိုကောင်းစိတ်ဓာတ်ဖြင့် ဆက်လက်ကူညီပံ့ပိုးကာ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ ထိုးစစ်များတွင်လည်း ဟန်ချက်ညီပူးပေါင်း ဆောင်ရွက်သွားမည်” ဟု ကတိပြုထားသည်။
တစ်ပြိုင်နက်တည်းမှာပင် CPU/CPA ဘက်ကလည်း ၎င်းတို့၏ (၁) နှစ်ပြည့် ထုတ်ပြန်ချက်တွင် စစ်အုပ်စုတပ်ကို ခုခံကာကွယ်နေသည့် တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) က ဘက်ပေါင်းစုံမှ ကူညီပေးနေသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။
ချင်းဒေသခံ အမျိုးသားတစ်ဦးကလည်း “အေအေနဲ့ CPU အပြင် တခြားလက်နက်ကိုင်တွေ ချင်းပြည်မှာ ရှိသေး တယ်။ ကျနော်တို့ကတော့ မဟုတ်တာဆိုရင် ဘယ်သူ့မဆို ပြောမှာပဲ။ ဒါပေမဲ့ ကိုယ်ပြည်၊ ကိုယ့်ဒေသ အာဏာ ရှင်စနစ်က လွတ်မြောက်မှာကိုတော့ လိုလားပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း CPU ခေါင်းဆောင်များသည် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အိမ်နီးချင်းကောင်းပီသစွာ အတူတကွ တိုက်ပွဲဝင်သွားရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
ယခင်က ချင်းညီနောင်များတပ်ဖွဲ့ (CB) အမည်ဖြင့် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည့် အဆိုပါအဖွဲ့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် CPU/CPA အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ချင်းပြည်တောင်ပိုင်း ရှိ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
ပုံစာ -ဖေဖော်ဝါရီလအတွင်းက ULA/AA နှင့် ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) ခေါင်းဆောင်များ တွေ့ဆုံ စဉ်။ / (ဓာတ်ပုံ -CPU/CPA)