ဧရာဝတီ-ရခိုင်အစပ်တွင် ဒေသခံနှင့် စစ်ရှောင်များကို AA ဟုစွပ်စွဲကာ စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။

ဧရာဝတီ – ရခိုင် အစပ်ရှိ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် စစ်အုပ်စုတပ်က ရခိုင်စစ်ဘေးရှောင်များနှင့် ဒေသခံအချို့ကို အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဆက်တိုက်ဖမ်းဆီးမှုများ လုပ်ဆောင် လျက် ရှိသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့၊ ညနေ ၆ နာရီခန့်က AA နှင့် မဟာမိတ်တပ်ဖွဲ့များ ထံ ဆီနှင့် ကုန်ပစ္စည်းများ ရောင်းချပေးနေသည်ဟု စွပ်စွဲပြီး အသက် ၃၀ ကျော်နှင့် အသက် ၄၀ အရွယ် စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင် အမျိုးသား ၂ ဦးကို စစ်အုပ်စုတပ်က နေအိမ်၌ လာရောက် ဖမ်းဆီး သွားခဲ့သည်။

လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ ၂ ဦးကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးဘဲ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေသည်။

ရေကြည်ဒေသခံ အမျိုးသားတစ်ဦးက “အခုက အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး အကြောင်းပြ ဖမ်းတယ်။ အေ အေကို ပစ္စည်းရောင်းတယ် ပို့တယ်ဆိုပြီး စွပ်စွဲတယ်။ ဒေသခံတွေ ရခိုင်လူမျိုးတွေနဲ့ သီးခြား အဆက် စပ်မရှိ အောင်လုပ်လာတာ။ ဈေးရောင်းနေတာ လာဝယ်တော့ ရောင်းတာပေါ့ အေအေမှန်း မသိဘူးလေ။ အခုဖမ်းထား တာ အဆက်အသွယ် မရသေးဘူး” ဟု ပြောသည်။

အလားတူ သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာအနီးတွင်လည်း နိုဝင်ဘာလ ၁၈ ရက်နေ့၊ ညနေ ၆ နာရီခန့်က ခမရ (၃၀၈) မှ အင်အား ၂၀ ဝန်းကျင်ပါ စစ်အုပ်စုတပ် စစ်ကြောင်းသည် ကျေးရွာအတွင်း ဝင်ရောက်လာစဉ် အလုပ်မှ ပြန်လာသည့် ရခိုင်စစ်ဘေးရှောင် ၃ ဦးကို AA တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ရခိုင်ပြည်၊ ဂွမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာပြီး သာပေါင်းမြို့နယ်၌ နေထိုင်နေကြ သူများ ဖြစ်သည်။

ထို့ပြင် လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းကျေးရွာတွင်လည်း နိုဝင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းက ဒဏ်ရာဖြင့် သေဆုံးနေသည့် အသက် ၄၀ ဝန်းကျင်အရွယ် ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ဒေသခံများ တွေ့ရှိခဲ့သည်။

ကြီးပေါက်ကုန်းကျေးရွာ ပတ်ဝန်းကျင်သို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်က စစ်အုပ်စုတပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး AA ပူးပေါင်းတပ်များနှင့် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည်။

လေးမျက်နှာဒေသခံ ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ဒီကနေ့ နေ့လယ်ပိုင်းက အဲဒီအမျိုးသမီးရဲ့ ရုပ်အလောင်းကို စတင် တွေ့ရှိခဲ့တာပါ။ သူက ဂွမြို့နယ်က တိမ်းရှောင်လာနေတာ ၂ နှစ်လောက်ရှိပြီ စစ်တပ်က သတ်သွားတာလို့ ပြောကြတယ်။ အလောင်းက အနံ့ထွက်နေပြီ ဒီမှာ ကျမတို့ ရခိုင်စစ်ရှောင်တွေ မလုံခြုံတော့ ပါဘူး” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့၊ ညနေပိုင်းကလည်း သစ်ဖြူကျေးရွာမှ ရခိုင် စစ်ဘေးရှောင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့သေးသည်။

ထို့ပြင် အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ရခိုင်ရိုးမနှင့် ထိစပ်နေသည့် ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာမှ ဒေသခံ အရပ်သား ၃ ဦးကို AA ထံ စက်သုံးဆီ တရားမဝင် သိုလှောင်ရောင်းချပေးနေသည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့တိုင် သတင်းအစအနပင် မရရှိသေးပေ။

ပုံစာ – ရခိုင်-ဧရာဝတီအစပ် ဝင်ထွက်ပေါက်များတွင် ပူးပေါင်းအဖွဲ့များ စစ်ဆေးနေစဉ်။ – ပုံဟောင်း (ဓါတ်ပုံ Crd – ကိုရွှေသီး)