ICJ စီရင်ချက်ကို လေးစားလိုက်နာကြောင်း အာဆီယံဥက္ကဋ္ဌသစ် စင်ကာပူ ပြောကြား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ စီရင်ချက်ကို လေးစားလိုက်နာသည်ဟု လာမည့်နှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမည့် စင်ကာပူနိုင်ငံက ပြောကြားလိုက်သည်။

တစ်ချိန်တည်းမှာပင် ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံကလည်း အဆိုပါစီရင်ချက်ကို မြန်မာဘက်က အပြည့်အဝ လိုက်နာအကောင်အထည်ဖော်ရန် ပူးတွဲတောင်းဆိုလိုက်သည်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုဝင်ဘာလ ၂၄ ရက် ထုတ်ပြန်ချက်တွင် ယခုစီရင်ချက်ကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို လေ့လာသုံးသပ်နေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်းရှိ လုံခြုံရေးနှင့် လူသားချင်းစာနာမှု အခြေအနေများ၊ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည်များ၏ အခက်အခဲကို စိုးရိမ်မိကြောင်း စင်ကာပူက ဆိုသည်။

ဒုက္ခသည်များ မိမိသဘောဆန္ဒဖြင့် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်မည့် အခြေအနေများ ဖန်တီးပေးရန် ထပ်လောင်းတိုက်တွန်းထားသကဲ့သို့ လူသားချင်းစာနာမှု အကူအညီများအတွက်လည်း အာဆီယံနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

အလားတူ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာနိုင်ငံ အပါအဝင် ၁၄ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း နိုဝင်ဘာလ ၂၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ICJ ၏ ဆုံးဖြတ်ချက်ကို မြန်မာဘက်က မဖြစ်မနေ လိုက်နာရမည်ဖြစ်သည့်အတွက် နိုင်ငံတကာ ဥပဒေနှင့်အညီ အပြည့်အဝ အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။

ယင်းစီရင်ချက်သည် ရိုဟင်ဂျာများသာမက မြန်မာနိုင်ငံတစ်ဝန်း ရက်စက်ကြမ်းကြုတ်မှု ခံစားနေရသူအားလုံး တရားမျှတမှု ရရှိရန် အရေးပါသည့် အလှည့်အပြောင်း ဖြစ်ကြောင်း ဝန်ကြီးများက ပြောကြားသည်။

ရာဇဝတ်မှု ကျူးလွန်သူများ အပြစ်မှ ကင်းလွတ်ခွင့် မရှိကြောင်းကို ICJ က ပြတ်ပြတ်သားသား ပြသလိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ထို့အပြင် ရိုဟင်ဂျာများ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး လိုအပ်သကဲ့သို့ ငြိမ်းချမ်းပြီး အားလုံးပါဝင်သည့် ဒီမိုကရေစီ အနာဂတ်အတွက် ကြိုးပမ်းနေသည့် မြန်မာပြည်သူအားလုံးဘက်မှ ဆက်လက်ရပ်တည်သွားမည်ဟု ၁၄ နိုင်ငံ၏ ကြေညာချက်တွင် ကတိပြုထားသည်။