ဒဂုံဆိပ်ကမ်း ရပ်ကွက်တစ်ခုတွင် ဒုတိယမြောက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။

စစ်ကောင်စီကခန့်ထားသည့် ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်၏ ဒုတိယမြောက် အုပ်ချုပ်ရေးမှူး ယနေ့ နံနက် ပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ရက်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

၈၈ ရက်ကွက်အတွင်းနေထိုင်သည့် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး က “အခု အုပ်ကြီးက ဒုတိယမြောက် အုပ်ကြီး။ ပထမအုပ်ကြီးတုန်းကလည်း အခုလိုပဲ သေနတ်နဲ့ အပစ်ခံရပြီး သေသွားတော့ သူကအုပ်ကြီးတက် လုပ်တာ” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံး ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေး မှူး ဦးခင်ဦးသည်လည်း ဇူလိုင်လ ၆ ရက်နေ့၊ ညနေပိုင်းက ၎င်းစီးလာသည့်ကားနှင့် ကားချင်းယှဉ်ကာ သေနတ် ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခဲ့သည်။

ထို့နောက် ဦးသိန်းဇော်ကို ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် စစ်ကောင်စီက အစားထိုးခန့်အပ်ထားခြင်း ဖြစ်သည်။

ဦးသိန်းဇော်သည် နိုဝင်ဘာလ ၁၀ ရက်နေ့(ယနေ့)၊ နံနက် ၈ နာရီဝန်းကျင် အချိန်ခန့်က လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၇ ရပ်ကွက်ရှိ သူ့ထက်သာ လက်ဖက်ရည်ဆိုင်တွင် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်း ဇော်နှင့်အတူ ရာအိမ်မှူးတစ်ဦး၊ အခြားအမျိုးသားတစ်ဦးတို့ နံနက်စာ စားနေချိန် လူတစ်ဦးက ဝင်ရောက် ပစ်ခတ် သွားခဲ့ခြင်းဖြစ်သည်ဟု ၈၈ ရပ် ကွက်အတွင်းနေထိုင်သူများက ပြောသည်။

သူ့ထက်သာ လက်ဖက်ရည်ဆိုင်အတွင်း ဝင်လာသည့် သေနတ်သမားက ဦးသိန်းဇော်နှင့်အတူ ထိုင်နေသူနှစ်ဦး ကိုပါ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ကျန်နှစ်ဦးမှာ ယခုခါ ဆေးရုံသို့ ပို့ထားသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

၈၇ ရပ်ကွက်အတွင်းနေထိုင်သည့် အသက် ၄၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကလည်း “သေနတ်မှန်တော့ ၃ ယောက်လုံးမှန်တာ။ ဦးသိန်းဇော်ကတော့ သေသွားပြီး ကျန်တဲ့နှစ်ယောက်ကတော့ ဆေးရုံကားနဲ့ခေါ်သွားတယ်။ သေမသေမသိရသေးဘူး” ဟု ပြောသည်။

အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် အပစ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများပြားရောက်ရှိလာပြီး စစ်ဆေးမှု များပြုလုပ်လျက်ရှိသည်ဟု အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဆိုင်ကယ်ကယ်ရီမောင်းနှင်နေသည့် အသက် ၂၀ ကျော် အရွယ် လူငယ်တစ်ဦးက လည်း “သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)က ပတ်နေတာ။ မနက်ကတော့ ဆိုင်ကယ်တွေရော ဘေးတွဲဆိုင်ကယ် တွေပါ ဖမ်းနေတယ်။ ၈၈ ဖက်ကို ခရီးသည်ငှားရင် မလိုက်ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၅ ရက် ညဦးပိုင်းက တောင်ဒဂုံမြို့နယ်က NLD ရပ်ကျေးအလုပ်မှုဆောင် ဦးခင်ကျော်ကို ပျူစော ထီးအဖွဲ့လာ ရောက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ပြီး ၎င်း၏ ဇနီးလည်း သေနတ်ဒဏ်ရာရရှိသွား ခဲ့သည်။

*** ZAWGYI ***
ဒဂုံဆိပ္ကမ္း ရပ္ကြက္တစ္ခုတြင္ ဒုတိယေျမာက္ အုပ္ခ်ဳပ္ေရးမႉး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၀ ရက္။

စစ္ေကာင္စီကခန႔္ထားသည့္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၈၈ ရပ္ကြက္၏ ဒုတိယေျမာက္ အုပ္ခ်ဳပ္ေရးမႉး ယေန႔ နံနက္ ပိုင္းတြင္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားသည္ဟု ရက္ကြက္အတြင္းေနထိုင္သူမ်ားက ေျပာသည္။

၈၈ ရက္ကြက္အတြင္းေနထိုင္သည့္ အသက္ ၃၀ အ႐ြယ္အမ်ိဳးသားတစ္ဦး က “အခု အုပ္ႀကီးက ဒုတိယေျမာက္ အုပ္ႀကီး။ ပထမအုပ္ႀကီးတုန္းကလည္း အခုလိုပဲ ေသနတ္နဲ႔ အပစ္ခံရၿပီး ေသသြားေတာ့ သူကအုပ္ႀကီးတက္ လုပ္တာ” ဟု ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ပထမဆုံး ခန႔္အပ္လိုက္သည့္ အုပ္ခ်ဳပ္ေရး မႉး ဦးခင္ဦးသည္လည္း ဇူလိုင္လ ၆ ရက္ေန႔၊ ညေနပိုင္းက ၎စီးလာသည့္ကားႏွင့္ ကားခ်င္းယွဥ္ကာ ေသနတ္ ျဖင့္ ပစ္ခတ္ခံရၿပီးေနာက္ ေသဆုံးသြားခဲ့သည္။

ထို႔ေနာက္ ဦးသိန္းေဇာ္ကို ၈၈ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးအျဖစ္ စစ္ေကာင္စီက အစားထိုးခန႔္အပ္ထားျခင္း ျဖစ္သည္။

ဦးသိန္းေဇာ္သည္ ႏိုဝင္ဘာလ ၁၀ ရက္ေန႔(ယေန႔)၊ နံနက္ ၈ နာရီဝန္းက်င္ အခ်ိန္ခန႔္က လက္ဖက္ရည္ဆိုင္ ထိုင္ေနစဥ္ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ဆုံးသြားခဲ့ျခင္း ျဖစ္သည္။

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ၈၇ ရပ္ကြက္ရွိ သူ႔ထက္သာ လက္ဖက္ရည္ဆိုင္တြင္ ၈၈ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးသိန္း ေဇာ္ႏွင့္အတူ ရာအိမ္မႉးတစ္ဦး၊ အျခားအမ်ိဳးသားတစ္ဦးတို႔ နံနက္စာ စားေနခ်ိန္ လူတစ္ဦးက ဝင္ေရာက္ ပစ္ခတ္ သြားခဲ့ျခင္းျဖစ္သည္ဟု ၈၈ ရပ္ ကြက္အတြင္းေနထိုင္သူမ်ားက ေျပာသည္။

သူ႔ထက္သာ လက္ဖက္ရည္ဆိုင္အတြင္း ဝင္လာသည့္ ေသနတ္သမားက ဦးသိန္းေဇာ္ႏွင့္အတူ ထိုင္ေနသူႏွစ္ဦး ကိုပါ ပစ္ခတ္ခဲ့ျခင္း ျဖစ္ၿပီး က်န္ႏွစ္ဦးမွာ ယခုခါ ေဆး႐ုံသို႔ ပို႔ထားသည္ဟု ရပ္ကြက္အတြင္းေနထိုင္သူမ်ားက ေျပာသည္။

၈၇ ရပ္ကြက္အတြင္းေနထိုင္သည့္ အသက္ ၄၀ ေက်ာ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးကလည္း “ေသနတ္မွန္ေတာ့ ၃ ေယာက္လုံးမွန္တာ။ ဦးသိန္းေဇာ္ကေတာ့ ေသသြားၿပီး က်န္တဲ့ႏွစ္ေယာက္ကေတာ့ ေဆး႐ုံကားနဲ႔ေခၚသြားတယ္။ ေသမေသမသိရေသးဘူး” ဟု ေျပာသည္။

အုပ္ခ်ဳပ္ေရးမႉး ေသနတ္ျဖင့္ အပစ္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အမ်ားျပားေရာက္ရွိလာၿပီး စစ္ေဆးမႈ မ်ားျပဳလုပ္လ်က္ရွိသည္ဟု အဆိုပါအမ်ိဳးသမီးက ဆက္ေျပာသည္။

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္အတြင္း ဆိုင္ကယ္ကယ္ရီေမာင္းႏွင္ေနသည့္ အသက္ ၂၀ ေက်ာ္ အ႐ြယ္ လူငယ္တစ္ဦးက လည္း “သူတို႔(စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား)က ပတ္ေနတာ။ မနက္ကေတာ့ ဆိုင္ကယ္ေတြေရာ ေဘးတြဲဆိုင္ကယ္ ေတြပါ ဖမ္းေနတယ္။ ၈၈ ဖက္ကို ခရီးသည္ငွားရင္ မလိုက္ဘူး” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ဇူလိုင္ ၅ ရက္ ညဦးပိုင္းက ေတာင္ဒဂုံၿမိဳ႕နယ္က NLD ရပ္ေက်းအလုပ္မႈေဆာင္ ဦးခင္ေက်ာ္ကို ပ်ဴေစာ ထီးအဖြဲ႕လာ ေရာက္ပစ္ခတ္ခဲ့သျဖင့္ ေသဆုံးသြားခဲ့ၿပီး ၎၏ ဇနီးလည္း ေသနတ္ဒဏ္ရာရရွိသြား ခဲ့သည္။