စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် အမျိုးသမီး ၄၇၈ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။
မြန်မာနိုင်ငံတစ်ဝှမ်း၌ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ကောက်ယူထားသော စစ်တမ်းများအရ သိရ သည်။
လက်ရှိ ကောက်ယူထားသော စာရင်းများမှာ တိကျခိုင်လုံသည့် သတင်းမီဒီယာများနှင့် မြေပြင်မှ ရရှိထားသော အချက်အလက်များအား ကောက်ယူစုဆောင်းထားခြင်း ဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ၁၀၉ ဦးဖြင့် အများဆုံး ဖြစ်သည်ဟု BWU မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ ဒေါ်ယဉ်မျိုးလှိုင်က ပြောသည်။
“အကြမ်းဖက်မှုမျိုးစုံကို အမျိုးသမီးတွေက ခံစားနေရတာတွေ ရှိတယ်။ အဲဒီ အကြမ်းဖက်မှုတွေကြောင့်ပဲ သေဆုံးသွားတဲ့ လူဦးရေ ပမာဏတွေကို စစ်တမ်းကောက်ယူပြီးတော့မှ ဖော်ပြထားတာ ဖြစ်တယ်။ ဒါကြောင့်မို့ စစ်ကိုင်းဖက်မှာ သေဆုံးမှုနှုန်း များတယ်ဆိုတာကလည်း ကျမတို့အခု ဒီ ၂၀၂၄ မှာဆိုရင် လေကြောင်း တိုက်ခိုက် မှုများတာ တွေ့ရတယ်။ ပြီးတော့ ဒီစစ်ပဋိပက္ခတွင်းမှာပဲ အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေ ခံရတာ ကျမတို့ တွေ့ရတယ်ပေါ့နော်။ ဒီလို အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းဘက်မှာ သေဆုံးမှုနှုန်း ပိုပြီးတော့ များတယ်ဆိုတာ ယူဆချင်တယ်ပေါ့နော်။”
စစ်ပဋိပက္ခများကြောင့် သေဆုံးကြသည့် ဒုတိယ အများဆုံး ဒေသမှာ ရှမ်းပြည်ဖြစ်ပြီး ၉၂ ဦး သေဆုံးခဲ့သည်။ အလားတူ ရခိုင်ပြည်တွင် ၈၃ ဦးနှင့် မန္တလေးတိုင်းတွင် ၆၇ ဦးတို့ သေဆုံးခဲ့ကြသည်။
ထို့အပြင် သေဆုံးရသည့် အကြောင်းအရင်များ အနေဖြင့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၂၅၇ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၄၂ ဦး၊ မတရား သတ်ဖြတ်မှုကြောင့် ၆၆ ဦး၊ မြေမြုပ်မိုင်းကြောင့် ၇ ဦးနှင့် လိင်ပိုင်းဆိုင်ရာ စော်ကား၍ သတ်ဖြတ်ခံရသူ ၆ ဦးတို့ ပါဝင်သည်။
သေဆုံးသူများမှာ စစ်ကောင်စီ ကျူးလွန်မှုများကြောင့် အများဆုံးဖြစ်ပြီး တော်လှန်ရေး အင်အားစုများမှာလည်း ကျူးလွန်သူအချို့ ပါဝင်သည့်အပြင် ကိုးကန့်တပ်မတော် (MNDAA) မှ မတရားစွပ်စွဲ၍ လိင်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရသူ အမျိုးသမီး တစ်ဦး ရှိသည်ဟု ဒေါ်ယဉ်မျိုးလှိုင်က ဆက်ပြောသည်။
“ဒီအမျိုးသမီးကိုပေါ့နော် သူက တခြားသူတွေ အပေါ်ကို မတရားလုပ်ပါတယ်ဆိုတဲ့ အပြစ်ပုံစံမျိုးပေါ့နော်။ သံသယဖြစ်မှု ပုံစံမျိုး ဖြစ်ပြီးတော့မှ ဒီအမျိုးသမီးကို သေဒဏ်ပေးတာ တွေ့ရတယ်။ အဲဒီ သေဒဏ်ပေးတာ လည်း ရိုးရိုးပေးတာ မဟုတ်ဘဲနဲ့ ဒီအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားပြီးတော့မှ သေဒဏ်ပေး တာကို အချက်ကောက်ယူတဲ့ နေရာမှာ တွေ့ရတယ်ပေါ့နော်။”
ထို့အပြင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု၊ မြေမြုပ်မိုင်း၊ မတရားသတ်ဖြတ်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ ထောင်တွင်းနှိပ်စက်မှု စသည့် အကြောင်းအရာများကြောင့်လည်း ၄၁၂ ဦးအထိ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု BWU ၏ အာဏာသိမ်းပြီးနောက်ပိုင်း ကောက်ယူထားသည့် အစီရင်ခံစာ၌ ဆိုထားသည်။
စစ်ပဋိပက္ခကာလများအတွင်း အမျိုးသမီးများ အကြမ်းဖက်သေဆုံးမှုများ လျှော့ချနိုင်ရန်အတွက် လက်နက်ကိုင် အဖွဲ့အစည်းများဖက်မှ ကျင့်ဝတ်များလိုက်နာရန်နှင့် ကျူးလွန်ပါကလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်ပြီး အမျိုးသမီးများ အနေဖြင့်လည်း ကျူးလွန်ခံရပါက ထုတ်ဖော်ပြောဆိုရဲရမည်ဟု ဒေါ်ယဉ်မျိုးလှိုင်က ရှင်းပြ သည်။
“လုံခြုံရေးနဲ့ ဆက်စပ်နေတဲ့ ကျမတို့ ဒီလိုအကြမ်းဖက်မှုတွေ မဖြစ်အောင် ဘယ်လိုဆောင်ရန် ရှောင်ရန်တွေ လုပ် ရမလည်းဆိုတော့ မြေပြင်မှာရှိတဲ့ ပြည်သူတွေက ဒါတွေဟာ မတရား အကြမ်းဖက်နေတယ်ဆိုတာကို သိအောင် လေ့လာရမယ်။ ဒီဟာတွေက ကျမတို့အတွက် မတရား အကြမ်းဖက်မှုတွေ ဖြစ်နေတယ်ဆိုတာ သိရှိပြီဆိုလို့ရှိရင် ကျမတို့ ဒီမတရားမှုတွေကို ထုတ်ဖော်ပြောဆိုရဲတဲ့ သတ္တိတွေ ကျမတို့ မွေးရမယ်ပေါ့နော်။ ဒါကတော့ မြေပြင်မှာရှိတဲ့ ပြည်သူတွေ လုပ်ဆောင်ရမယ့်ဟာဖြစ်တယ်”
စစ်အာဏာသိမ်းပြီး နောက်ပိုင်းကစ၍ ၂၀၂၄ ခုနှစ် နိုင်ဝင်ဘာလ ၂၆ ရက်နေ့အထိ BWU က စာရင်းကောက်ယူ ချက်များအရ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီးပေါင်း ၃ ထောင်နီးပါးရှိပြီး လက်ရှိ ထောင် တွင်း၌လည်း မတရားညဉ်းပမ်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုများနှင့်ပါ ကြုံတွေ့နေကြရသည်။