အတားအဆီးတွေကြားမှ ပြည်နယ်အားကောင်းရေးကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆီသို့သာ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။

တိုင်းရင်းသားတွေဟာ သူတို့ရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်မှုတွေကို လွတ်လပ်ရေးရပြီးနောက် ဆုံးရှုံး သွားခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လွတ်လပ်ရေးရပြီးနောက် ဖြစ်တည်လာခဲ့တဲ့ စစ်အာဏာရှင်စနစ်နဲ့ ဗဟိုချုပ်ကိုင်မှု ဟာ လည်း တိုင်းရင်းသားတွေ လိုလားတဲ့ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တွေကို နိုင်ငံရေး အရ မဖြေရှင်းပေးနိုင်ဘူးလို့ ဆိုပါတယ်။ 

ဒါကြောင့် နှစ်ပေါင်း ၇၀ ကျော် မဖြေရှင်းနိုင်ခဲ့တဲ့ တန်းတူ ညီမျှမှု ပြဿနာကို လက်ရှိ နွေဦးတော်လှန်ရေးမှာ အဆုံးသတ်ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားတွေက စိတ်အား ထက်သန် နေကြပြီး ဖြေရှင်းဖို့ နည်းလမ်းတွေကို လည်း တင်ပြဆွေးနွေးမှုတွေ ရှိလာပါတယ်။ ဘယ်လိုစနစ်မျိုးကို အခြေခံပြီး ပြဿနာတွေကို ဖြေရှင်းသွားဖို့ ရှိနေပါသလဲ။ 

ဗဟို ချုပ်ကိုင်မှုစနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးက  နိုင်ငံရေး ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အတွက် ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ကနေတဆင့် ဗဟိုအစိုးရကို သွားတဲ့ ဖက်ဒရယ်ပြည် ထောင်စုကို တည် ဆောက်သွားမယ်လို့ တိုင်းရင်းသားတွေက ပြောပါတယ်။

ဗဟိုချုပ်ကိုင်မှုစနစ်ဟာ အမျိုးသားရေး ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အပြင် ပြဿနာတွေကို ပိုပြီး ရှုတ် ထွေးလာစေတဲ့အတွက် ပြည်နယ်တွေရဲ့ အားကောင်းရေးကို အခြေပြုတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်သွားမယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး – ၁ ဦးအောင်ဆန်း မြင့်က ပြောပါတယ်။

ဒီနေ့မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ကြည့်မယ်ဆိုရင် ကျနော်တို့ ဗဟို ချုပ်ကိုင်မှုစနစ်ကတော့ ကျနော်တို့ အလုပ်မဖြစ်ဘူး။ ကျနော်တို့ဆီမှာရှိတဲ့ ဒီ နိုင်ငံရေး ပြဿနာတွေ အမျိုးသားရေးပြဿနာတွေ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ကျနော်တို့ ပြည်နယ်အားကောင်းရေးကနေပြီးမှ ပြည်ထောင်စု အားကောင်း ရေး ဆိုတဲ့ အခြေခံမူဖြစ်တဲ့ ချည်းကပ်မှု ဖြစ်တဲ့ Bottom up Federalizing approach ကို ကျနော်တို့က ဆွေးနွေးပြီးမှ သဘောတူကြတာဖြစ်တယ်။ ဆိုတော့ ကျနော်တို့ နောက်တစ်ခုက ကျနော်တို့ကြားထဲမှာ တိတိ လင်းလင်းက ကျနော်တို့ အနာဂတ်တိုင်းပြည်ကို ကျနော်တို့က Regime Chang နဲ့ မသွားချင်ဘူး Regime Chang ဆိုလို့ရှိရင် ဒါ အာဏာရှင်စနစ်ကို ဆက်အကောင်အထည်ဖော်မှာပဲ။ အဲဒီအတွက်ကြောင့် ကျနော်တို့က System Change ကို သွားချင်တာ။ System Change ဆိုကတည်းက ကျနော်တို့ ချည်းကပ်တဲ့ ပုံစံတွေက အသစ်ဖြစ်တာ ပေါ့ဗျာ နော။

ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ကနေတဆင့် ဗဟိုအစိုးရကို သွားတဲ့ ဖက်ဒရယ်ပြည် ထောင်စုကို တည် ဆောက်သွားကြမယ်ဆိုပြီး လက်ရှိကာလမှာ တိုင်းရင်းသား အဖွဲ့တချို့နဲ့ ဆွေးနွေးသဘောတူထားတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

ဦးအောင်ဆန်းမြင့် ကဒီနေ့ ဒီအချိန်မှာလည်း အားလုံးက ဒီနေ့ နိုင်ငံရေးနဲ့ တိုင်းရင်းသား အရေးကို ဖြေရှင်းဖို့ အတွက် နည်းလမ်းကို ကျနော်တို့က ဝိုင်းပြီးတော့ ရှာကြတယ်။ ရှာကြတဲ့အခါမှာ အားလုံးက ဖက်ဒရယ်ကို သွားမယ်။ အနာဂတ်မြန် မာနိုင်ငံကို ဖက်ဒရယ်ကို သွားမယ်ဆိုပြီး‌တော့ ကျနော်တို့ ကြားထဲမှာ ဖက်ဒရယ်ရဲ့ Definition ကတော့ ကွာနေတုန်းပဲ ဘာဖြစ်လဲ ဆိုလို့ရှိရင် မင်းအောင်လှိုင် ကိုယ်၌ကိုက ဖက်ဒရယ်လို့ ပြော တာကိုးနော နောက် ကျနော်တို့ Stakeholders တွေကြားထဲမှာလည်း ဖက်ဒရယ်ရဲ့ Concept ဖက်ဒရယ်ရဲ့ Definition နဲ့ ပတ်သက်ပြီးမှ ကျနော်တို့ ကွဲလွဲမှုတွေ ရှိတယ်။ တချို့ကလည်း ဗဟို အခြေပြုပေါ့နော။ Decentralization ကနေပဲ Decentralization ပေါ့ အာဏာ ခွဲဝေရေး ဆိုတဲ့ ဖက်ဒရယ်စနစ်ကိုပဲ ကျနော် တို့က ဆွေးနွေးနေသလို တချို့ကလည်း ကျနော်တို့ပြည်နယ်အား ကောင်းရေးပေါ့နော ပြည်နယ်အား ကောင်းရေးကနေပြီးမှ ပြည်ထောင်စု အားကောင်းရေး ဆိုတဲ့ Bottom up Federalizing  ကို ကျနော်တို့က ဆွေးနွေးကြတာ ဖြစ်တယ်။ လို့ ဆက်ပြောပါတယ်။

လာမယ့် အနာဂတ်မှာ တည်ဆောက်မယ့် ဖက်ဒရယ် ပြည်ထောင်စုဟာ ပြည်နယ်အားကောင်းရေးကို အခြေခံမှာ ဖြစ်တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB အထွေထွေအတွင်းရေးမှူး နန်းမို့မို့ က ပြောပါတယ်။

ကျမတို့က ဒီအောက်ခြေကနေပေါ့နော အထူးသဖြင့် အောက်ခြေလို့ပြောတဲ့အခါမှာ ပြည်နယ်ပေါ့နော။ ပြည်နယ်တွေ ယူနစ်တွေပေါ့ အဲဒီက အားကောင်းဖို့လိုတယ် အဲဒီမှာက အားကောင်းနေမှ ကျမတို့ တည် ဆောက်မယ့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုက အားကောင်းမယ် အဲကြောင့်မို့လို့ ကျမတို့ရဲ့ ချည်းကပ် မှုသည် အောက်ခြေက အားကောင်းဖို့ ပြည်နယ်တွေ ယူနစ်တွေ လူမျိုးတွေရဲ့ အားကောင်းဖို့ကနေမှ ကျမတို့ သွားမှာ ဖြစ်တယ်။

တိုင်းရင်းသား ခုခံ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပြည်နယ်/ လူမျိုး ကိုယ်စားပြု ကောင်စီတွေက အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းမှုတွေကို အကြိမ်ကြိမ် ကျင်းပပြုလုပ်ခဲ့ကြပြီး အချက် ၄ ချက်ပါတဲ့ ထုတ်ပြန်ချက် တစ်စောင်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ က ထုတ်ပြန်ခဲ့ကြပါတယ်။ 

ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အဖွဲ့တွေကတော့ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက် ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ PNFC၊ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက် ဒရယ်ကောင်စီ MSFC၊ တအာင်းနိုင်ငံရေး အတိုပင်ခံကော်မတီ TPCC နဲ့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB တို့ ပါဝင်ပါတယ်။

အဖွဲ့ ၉ ဖွဲရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှ ပြည်နယ် အား ကောင်း ရေးကို ရှေ့ရှုတဲ့ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး (Bottom – up Federalism) ချည်းကပ်မှုနဲ့ တော်လှန်ရေးကာလ/ ကြားကာလကနေ စတင်ပြီး သက်ဆိုင်ရာ ပြည်နယ် ကိုယ်စား ပြု ကောင်စီတွေ၊ တိုင်းရင်းသား ခုခံ တော်လှန်ရေးအဖွဲ့အစည်းတွေက အတူတကွ တည်ဆောက်သွား မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) ကို အခြေခံမူ ၃ ချက်နဲ့ အညီတည်ဆောက်သွားမှာ ဖြစ်ပြီး အဲဒီ အခြေခံမူ ၃ ချက်ကတော့ တစ် အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင်တွေဟာ ပြည်နယ်/ဖက်ဒရယ် ယူနစ်တွေနဲ့ သူတို့ရဲ့ ပြည်နယ်/ဖက်ဒရယ် ယူနစ်တွေထဲ မှာရှိတဲ့ ပြည်သူလူထုတွေ ဖြစ်ပါတယ်။

နှစ် ပြည်နယ်/ဖက်ဒရယ် ယူနစ်တွေဟာ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အခြေခံတယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အချက် သုံး အချုပ်အခြာ အာဏာ (Sovereignty)၊ သွေးစည်းညီညွတ်မှု (Solidarity)၊ လူထုနဲ့ အနီးကပ်ဆုံးသော အာဏာ (Subsidiarity) နဲ့ အချိုးကျမှု (Proportionality) အခြေခံမူတွေအတိုင်း လုပ်ပိုင်ခွင့် အာဏာခွဲဝေတာကို ဆောင်ရွယ်မယ်လို့ ဆိုပါတယ်။

ပြည်နယ် အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေးကို တော်လှန်ရေး အင်အားစုတွေ အကြားမှာ ဆက်လက်ညှိနှိုင်း အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးချမှတ်ခဲ့ပြီး သဘောတူ ညီချက် နဲ့ လုပ်ငန်းစဉ်တွေကို တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းတွေ၊ ပြည်နယ်/လူမျိုး ကိုယ်စားပြု ကောင်စီ တွေက အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွ လက်တွဲ အကောင် အထည်ဖော်ဆောင်သွားမယ်လို့ ပြောပါတယ်။

နန်းမို့မို့ က ကျမတို့ အခုဆိုလို့ရှိရင် ဒီ ပြည်နယ်တွေပဲ ပြောပြော လူမျိုးတွေကို အခြေပြုတဲ့ ကောင်စီတွေ ရှိတယ်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေရှိတယ်။ အဲမှာကိုမှ သူ့ရဲ့ နေရာဒေသမှာ သူတို့ရဲ့ နေရာဒေသမှာ ဆိုလို့ရှိရင်တော့ ဒါ ယန္တရားတွေပေါ့ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ တည်ဆောက်ထားပြီးသားတွေရှိတယ်။ တည်ဆောက်နေတဲ့ လူတွေရှိတယ်။ တည်ဆောက်နေဆဲလူတွေရှိတယ်။ စပြီးမှ အခုမှ စစဉ်းစားနေတဲ့ လူတွေ ရှိတယ်ပေါ့နော။ အဲလိုပဲ တခြားသော အုပ်ချုပ်ရေးကဏ္ဍတွေ အပါအဝင်ကို တခြား ဥပဒေပြုရေးတို့ တခြား ကိစ္စတွေမှာပေါ့နော စပြီးတော့ တည်ဆောက်ကြတာ ရှိတဲ့အခါကျတော့ ကျမတို့က အဲဒီဟာတွေက ကျမတို့ ခိုင်ခိုင်မာမာပေါ့နော ဒီအောက်ခြေမှာ တကယ့် ပြည်နယ်တွေမှာ လူမျိုးတွေမှာ ခိုင်ခိုင်မာမာနဲ့ တည်ဆောက် နိုင်အောင်လို့ ဒါ ကျမတို့ အပြန်အလှန်ကူညီဆောင်ရွက်သွားမယ် ဆိုတဲ့ဟာမျိုးတွေ ကျမတို့ ဆွေးနွေး ဆုံးဖြတ် ထားတာလည်း ရှိတယ်ပေါ့နောလို့ ဆက်ပြောပါတယ်။

KNPP အနေနဲ့ကတော့ တိုင်းရင်းသား အဖွဲ့တွေနဲ့သာမက အမျိုးသား ညီညွတ်ရေး အစိုးရ NUG အပါအဝင် အဖွဲ့အစည်း တော်တော်များများနဲ့လည်း ပြည်နယ်အားကောင်းရေးကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဆွေးနွေးသဘောတူ ထားပြီလို ဆိုပါတယ်။

ဦးအောင်ဆန်းမြင့် ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ဒီ Concept ကို ကျနော်တို့ကတော့ အဖွဲ့အစည်း တော်တော်များများနဲ့ ကျနော်တို့ ညှိနှိုင်း ဆွေးနွေးပြီးပြီ ဖြစ်တယ်။ ဒါပေမယ့် အခုလက်ရှိပေါ့ ကျနော်တို့ အမည်နာမ ဖော်နိုင်တဲ့ အဖွဲ့တွေ လောက်ပဲ ကျနော်တို့ လုပ်ထားတာ ဖြစ်တာပေါ့နော။ ကျနော်တို့ လက်ရှိ ဖက်ဒရယ် အဆင့်ပေါ့နော ပြည် ထောင်စု အဆင့် NUG နဲ့ လည်း ကျနော်တို့ ဒီလို ဖက်ဒရယ် concept တွေပေါ့နော။ ဒါတွေကို ကျနော်တို့ သဘောတူညီချက် ယူထားပြီးပြီ ဖြစ်တာပေါ့က လို့ ပြောပါတယ်။

ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေးမှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့  ဦးအောင်ဆန်းမြင့်က  ဆက်ပြောပါတယ်။

ကျနော်တို့က ပြည်နယ်တွေမှာ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ပေါ်ထွန်းရေး သို့မဟုတ်လို့ရှိရင်လည်း ကျနော်တို့ Governing document တွေပေါ့နော ပေါ်ပေါက်လာရေး ကျနော်တို့က အကောင်အထည်ဖော်ဖို့ အတွက် လုပ်ငန်းစဉ်တွေ ချသွားဖို့ရှိ တယ်။ နောက်ပြည်နယ် အချင်းချင်းကြားထဲမှာ ကော ပြည်ထောင်စုကြား ထဲမှာကော ကျနော်တို့ conflicts တွေ ဖြစ်လာခဲ့ရင် ဒါတွေကို ဘယ်လိုမျိုး အဖြေရှာကြမလဲဆိုတဲ့ လုပ်ငဉ်းစဉ် တွေကို ကျနော်တို့ ဆွေးနွေးကြ မယ်။ နောက်ပြီးမှ ကျနော်တို့ ပြည်ထောင်စုနဲ့ ပြည်နယ်တွေပေါ့ နော ပြည် နယ်ဖက်ဒရယ် ယူနစ်တွေကြားထဲမှာ deviation of competency ပေါ့ လုပ်ပိုင်ခွင့် အာဏာတွေကို ဘယ်လိုခွဲ ဝေကြမလဲ ဆိုတာတွေ ဒါ ဒီလုပ် ငန်းတွေက အများကြီးရှိတယ်။ အဲဒါတွေကို ကျနော်တို့ ဆက်ပြီးမှ ဆွေးနွေး ချမှတ်သွားမယ်ဆိုတာ ကျနော်တို့ ပြောတာ ဖြစ်တာပေါ့။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေ အတွင်းရေးမှူး နန်းမို့မို့ ကလည်း ပြည်နယ်အား ကောင်းတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် အဖွဲ့အစည်းတွေအကြားမှာ ချိတ်ဆက် လုပ်ဆောင်သွားမယ့် အခြေအနေကို အခုလို ပြောပါတယ်။

ကျမတို့ အချင်းချင်းကြားမှာ ချိတ်ဆက်ဆောင်ရွက်မှုတွေ ကျမတို့ ဘယ်လိုပုံစံနဲ့ ချိတ် ဆက် ဆောင်ရွက်သွား မယ် ဆိုတဲ့ဟာမျိုးတွေကိုလည်း ကျမတို့ ဆွေးနွေး ဆုံးဖြတ်တာတွေရှိတယ်ပေါ့နော။ အဲလိုပဲ ကျမတို့ အဖွဲ့ ၉ ဖွဲ့နဲ့ကပဲ ထုတ်ပြန်သေးတာ ဖြစ်တဲ့ကြောင့်မို့လို့ အခုဆိုလို့ရှိရင် ကျမတို့ နိုင်ငံမှာ Local Governances ပေါ့ နော ဒေသန္တရ အုပ်ချုပ်ရေးကို စပြီးတော့ တည်ဆောက်နေတဲ့ အဖွဲ့တွေလည်းရှိတယ်။ ယူနစ်တွေလည်းရှိ တယ်။ စပြီးတော့ စဉ်းစားနေတဲ့ လူတွေလည်း ရှိနေတယ်ဆိုတော့ နောက်ပိုင်းကျလို့ ရှိရင် တော့လည်း အဲဒီအဖွဲ့ အစည်းတွေနဲ့ အစုအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာတွေ ရှေ့ဆက်ဆောင်ရွက် တာ တွေကို ကျမတို့ လုပ်ဆောင် သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ရှိပါတယ်ရှင်။

တိုင်းရင်းသားတွေက ပြည်နယ် အားကောင်းရေးကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ် လို့ ပြောဆိုနေတဲ့ တစ်ဖက်မှာတော့ လက်ရှိနွေဦးကာလမှာ ဗဟိုချုပ်ကိုင်မှုနဲ့ လူမျိုးကြီးဝါဒကို အခြေတဲ့ လုပ် ဆောင်မှုတွေကို တွေ့နေရတဲ့အတွက် အမျိုးသားတန်းတူရေး ရရှိဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ဖက်ဒရယ် အရေး လှုပ်ရှားသူ ကယန်းအမျိုးသား ခေါင်းဆောင် ခွန်းမတ်ရ်ကိုဘန်းက ပြောပါတယ်။

ကျနော်တို့ အခု နွေဦးတော်လှန်ရေး ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် ပြန်ကြည့် လိုက်ရင် ကျနော်တို့က တကယ့်ကို အင် တိုက်အားတိုက် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ချင်တဲ့ လူနဲ့ ရှင်းရှင်းပြောရရင်တော့ လူမျိုး ကြီးဝါဒနဲ့ တစ်ပြည်ထောင်စနစ်နဲ့ လုပ်ချင်တဲ့လူက ရှိသေးတယ်။ ကျနော်တို့ အသားထဲက လောက်တွေက ရှိနေ တယ်။ အသားထဲက လောက်တောင်မကဘူး။ ဆားထဲက လောက်တောင်ရှိနေတယ်။ ဦးလေးက ဒီလိုပဲ သုံးသပ် မိတယ်။ တကယ်လို့ အဲလိုမျိုး မရှိဘူးဆိုရင် ဒီလောက်ကြာနေပြီပဲ နှစ်နှစ်ကျော် ဒါဆိုရင် ကျနော်တို့က အဲဒီမှာ က ဘယ်လိုပဲ ဖြစ်ဖြစ် တိုင်းရင်းသား တန်းတူရေး မရှိဘူးဆိုရင် ပြည်တွင်းစစ် ဆက်ဖြစ်မှာပဲ။

လက်ရှိ မြင်တွေ့နေရတဲ့ အနေအထားတွေအရ ဖက်ဒရယ် တည်ဆောက်ရေးမှာ အခက်အခဲ စိန်ခေါ်မှုတွေ ရှိနေ အုံးမယ်လို့ ခွန်းမတ်ရ်ကိုဘန်းက ပြောပါတယ်။

နှစ်ပါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်နဲ့ နိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်ရတဲ့ အဓိက အကြောင်းအရင်းဟာ အုပ်ချုပ်သူ အဆက်ဆက်က ဗဟိုချုပ်ကိုင်မှုကို အခြေခံပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တာကြောင့်လို့ တိုင်းရင်းသားတွေက ပြောပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့နဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့အတွက် တိုင်းရင်းသား တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နဲ့  တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးတွေကို  အုပ် ချုပ်သူ အဆက်ဆက်ကို တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အုပ်ချုပ်သူ အဆက်ဆက်က တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုကို အလေးမထားပဲ လျစ်လျူရှုခဲ့ တဲ့အတွက် ပြည်တွင်းစစ်နဲ့ နိုင်ငံရေး ပြဿနာတွေဟာလည်း ဒီနေ့အချိန်အထိ ဆက်လက် ရှိနေတာလို့ တိုင်းရင်းသားတွေက ဆိုပါတယ်။

အခက်အခဲ အတားအဆီးတွေ ရှိနေပေမယ့် တိုင်းရင်းသားတွေအနေနဲ့ ပြည်နယ် အားကောင်းရေးကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းပြီး ရအောင် တည် ဆောက်သွားမယ်လို့ ပြောပါတယ်။