ထားဝယ်တွင် မင်္ဂလာပွဲလာသည့် အမျိုးသမီးသုံးဦး ဖမ်းဆီးခံရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။
ထားဝယ်ခရိုင် ထားဝယ်မြို့ပေါ်တွင် မင်္ဂလာဆောင်တစ်ခုကိုလာသည့် သရက်ချောင်းမြို့နယ်မှ အမျိုးသမီး သုံးဦး ကို စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု မြို့ခံများက ပြော သည်။
မင်္ဂလာဆောင်တစ်ခုမှ ပြန်လာသည့် အမျိုးသမီး သုံးဦးက ထားဝယ်မြို့မ ရဲစခန်းအနီးရှိ အလှသစ် စျေးဝယ် စင်တာတွင် စျေးဝယ်နေချိန် ဖေဖေါ်ဝါရီလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာမှ အသက် ၂၀ ဝန်းကျင်အရွယ် မဇင်မာစိုး၊ မမီးအိ နှင့် မဖြူဇင်ဖြိုးတို့ ဖြစ်ကြပြီး ကြိုတင်သတင်းရပြီး ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ ရွာသားများက ပြောသည်။
အသက် ၃၀ ခန့်အရွယ် ရန်တောင် ရွာသားတစ်ဦးက “သူတို့တတွေက သက်တူရွယ်တူ သူငယ်ချင်းတွေပါပဲ၊ မင်္ဂလာပွဲကအပြန် စျေးဝင်ဝယ်နေတုန်းမှာ ဖမ်းသွားတာပါ၊ အရပ်ဝတ်တွေနဲ့ စစ်သားရော ရဲရောပါတယ်၊ အိမ် စီးကားနဲ့ ဖမ်းသွားတာလို့ သိရတယ်” ဟု ပြောသည်။
အမျိုးသမီးသုံးဦး စီးနင်းလာသည့် ဆိုင်ကယ်နှစ်စီးကိုလည်း စစ်ကောင်စီတပ်နှင့် ရဲများက သိမ်းဆည်းသွားသည်။
လက်ရှိတွင် ဖမ်းဆီးထားသူ အမျိုးသမီး သုံးဦးစလုံးကို ထားဝယ်မြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားကာ တွေ့ခွင့် မပေးသေးသည့် အပေါ် မိဘများက စိတ်ပူစိုးရိမ်နေကြရသည်ဟု ရွာသားများက ပြောသည်။
တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့်လမှ စ၍ မြို့နယ်အချို့တွင် စစ်မှုထမ်းအတွက် အမျိုးသမီးများကို စာရင်း ကောက်ယူခြင်းများ လုပ်ဆောင်နေခြင်းတို့ကြောင့် ယခုကဲ့သို့ ဖမ်းဆီးခြင်းခံရမှုနှင့် ပတ်သက်ပြီး ထားဝယ်မြို့ခံ များကလည်း စိုးရိမ်နေကြသည်။