စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဇနီးမောင်နှံ ၂ ဦး သေဆုံး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကောင်ထိုကျေးရွာတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ထုတ်ပြန်သည်။

စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်များမှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားများ ရှိရာသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကောင်ထိုကျေးရွာတွင် နေထိုင်သူ တစ်ဦးက တောင်ယာကနေပြန်လာတဲ့ ဒေသခံ ၂ ဦးပေါ့နော်၊ ကောင်ထိုရွာ နေ ပြည်သူ ၂ ဦးပေါ့လေ၊ လင်နဲ့မယား ၂ ဦး ပေါ့လေ အဲ့ဒါ။ သူတို့ စပါးသယ်လာတာပေါ့နော်။ သူတို့ စိုက်ပျိုး ရိတ်သိမ်းတဲ့ စပါးတွေ သယ်လာတာ။ အဲ့ဒီနေရာမှာရောက်တော့ စစ်ကောင်စီက ဒရုန်းနဲ့ကြဲလို့ လင်မယား ၂ ယောက်စလုံး အဲ့ဒီနေရာမှာပဲ သေဆုံးသွားတယ်ပေါ့နော် ဟု ပြောသည်။

အဆိုပါ ဇနီးမောင်နှံ ၂ ဦးမှာ ခွန်ဖာလိမ်နှင့် နန်းဆွေဟု သိရပြီး ဖေဖော်ဝါရီလ ၆ ရက် နေ့လည် ၂ နာရီခန့်တွင် လွယ်ချယ်-တပူးထိုရွာ လမ်းခွဲ၌ သေဆုံးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုများအပြင် ဟောင်ဝိုက်ဇာအမြောက်ဖြင့်လည်း ၄ ကြိမ် တိတိ ပစ်ခတ်ခဲ့ပြီး ထိုပစ်ခတ်မှုများမှာ အရပ်သားနှင့် နေအိမ်များ ထိခိုက်မှု မရှိဘူးဟု ဆိုသည်။

PNA တပ်ဖွဲ့တွင် ပအိုဝ်းအများစု ဖြစ်သော်လည်း ပအိုဝ်းလူမျိုး မဟုတ်သည့် ဒုစစ်ဦးစီးချုပ် နေဝင်းထွန်း၏ အကျိုးစီးပွားများအား ကာကွယ်ပေးနေရသည်မှာ တရားမျှတမှုရှိသလောဟု PNLA စစ်ဖက်ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ ခွန်ရိန်းယံက မေးခွန်းထုတ်သည်။

“PNO ပြည်သူ့စစ်မှာ ရှိနေတဲ့ ပအိုဝ်းတွေအနေနဲ့ သေသေချာချာစဉ်းစားကြပါ၊ သုံးသပ်ကြပါ။ ကိုယ့်လူမျိုးကို ဒီလိုမျိုး သတ်ဖြတ်နေရတာ တန်သလားပေါ့နော်။ ပအိုဝ်းလူမျိုးမဟုတ်တဲ့ အစုအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်၊ ခရိုနီ နေဝင်းထွန်းအတွက် ကိုယ့် ပအိုဝ်းလူမျိုးကို ကိုယ်ပြန်ပြီး သတ်ဖြတ်နေရတာ၊ ကိုယ့် ပအိုဝ်းရွာကို ကိုယ် ပြန် ဖျက်ဆီးနေရတာ၊ လိပ်ပြာလုံလုံ လိပ်ပြာသန့်သန့်နဲ့ လုပ်နိုင်ကြသလား၊ သေချာစဉ်းစားကြပါ၊ အမှန်တရားကို မြင်ကြပါလို့ ပြောချင်တယ်။

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နယ်မြေစိုးမိုးမှု ရရှိစေရန် အပြင်း အထန် ထိုးစစ်ဆင်လျက်ရှိရာ ဆီဆိုင်မြို့နယ်တွင်းရှိ PNLA ထိန်းချုပ်ထားသည့် ကျေးရွာများမှာ ကုန်သလောက်ရှိနေပြီဟု မြေပြင်သတင်းအရင်းအမြစ်များက ဆိုသည်။

စစ်ကောင်စီ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းမှာ မောက်မယ်မြို့နယ်ရှိ PNLA ဌာနချုပ်နှင့် ၁၀ မိုင် အောက်ခန့် သာ ကွာဝေးတော့သည်ဟု မြေပြင်တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။