လွတ်ရက်စေ့ ရိုဟင်ဂျာ ၁၀၀၀ နီးပါးကို ရဲနှင့် ထောင်အာဏာပိုင်များက ခေါ်ထုတ်သွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။ 

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှ လွတ်ရက်စေ့သည့် ရိုဟင်ဂျာ အယောက် ၉၀၀ ကျော်အား စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် ထောင်အာဏာပိုင်များက ခေါ်ထုတ်သွားသည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ အကျဉ်းသားများမှာ အင်းစိန်ထောင်ရှိ အကျဉ်းသားများ သာမက စစ်ကောင်စီ လက်အောက်ခံ အကျဉ်းထောင်များမှလည်း ပါဝင်ပြီး ရှေ့တန်းသို့ ပို့ဆောင်ရန် ခေါ်ထုတ်သွားခြင်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (PPNM) မှ ကိုသိုက်ထွန်ဦးက အားလုံးက ရခိုင် ပြည်ဘက်မှာ အဓိက မိတဲ့သူတွေ ဖြစ်ပါတယ်။ ပြီးတော့ ဧရာဝတီတိုင်း အကျဉ်းထောင်တွေမှာ ဖမ်းမိတာတွေ လည်း ပါတယ်။ တစ်နိုင်ငံလုံးက လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာတွေကို သူတို့ခေါ်ထားတာ ဖြစ်ပါတယ်။ အင်းစိန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စုစည်းခိုင်းပြီးတော့မှ ဒီနေ့မှာမှ ရွှေ့လိုက်တာ ဖြစ်ပါတယ်ဟု ပြောသည်။

အမျိုးသား ၅၆၄ ဦး၊ အမျိုးသမီး ၂၇၆ ဦးနှင့် ကလေး ၆၇ ဦး စုစုပေါင်း ၉၂၇ ဦးတို့အား ဖေဖော်ဝါရီလ ၁၅ ရက် နေ့၊ နံနက် ၆ နာရီဝန်းကျင် အချိန်ခန့်တွင် Express ကားများဖြင့် လာရောက်ခေါ်ဆောင်သွားကြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ရုံးပိတ်ရက်ဖြစ်သော်လည်း အင်းစိန်ထောင်၌ ရိုဟင်ဂျာများအတွက် အထောက် အထား ကတ်များ ပြုလုပ်ပေးခဲ့ပြီး ရခိုင်ပြည်၊ စစ်တွေမြို့သို့ ရေကြောင်းဖြင့် ခေါ်ဆောင်သွားမည်ဟု နိုင်ကျဉ်း ဟောင်းများမှ တဆင့် သိရသည်။

ကိုသိုက်ထွန်းဦးက ဒါပထမဆုံးအကြိမ် အင်အား အလုံးအရင်းနဲ့ကိုမှ သူတို့ လွတ်ရက်စေ့ပြီးသား လူတွေကို အခုမှ ပို့တာဖြစ်တယ်။ အဲ့ဒီတွက်ကြောင့် ကျနော်တို့ ရှေ့တန်းကို ပို့မယ် မပို့ဘူးဆိုတာတော့ နောက်ဆက်တွဲ သတင်းအနေနဲ့ ရရှိဖို့ အရမ်းခက်ခဲနေပြီပေါ့နော်။ ဒါဟာ အင်မတန် စိုးရိမ်ရတယ်။ စစ်ကောင်စီအနေနဲ့ ဒါနိုင်ငံ ရေး အရရော စစ်ရေးအရရော သူတို့အကျိုးအမြတ် အများကြီးထုတ်လို့တယ် ကိစ္စဖြစ်တယ် ဟု ဆက် ပြော သည်။

PPNM ရရှိထားသည့် အချက်အလက်များအရ ယခင်နှစ်များကလည်း လွတ်ရက်စေ့သည့် အကျဉ်းသားကို တစ်နှစ်ခွဲကျော်အထိ ပြန်လည်ချုပ်နှောင်ထားခဲ့သည်များ ရှိခဲ့ဖူးသည်ဟု ဆိုသည်။

မြေပြင်တွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်က ဘာသာရေး၊ လူမျိုးရေး အဓိကရုန်းများအား ပြန်လည် ဖန်တီး နေပြီး ရခိုင်ပြည်တွင် ဆက်သွယ်မှု ကွန်ရက်များ ပြတ်တောက်နေသဖြင့် သတင်းအချက်လက်များ လေ့လာ စောင့်ကြည့်ပေးကြရန် ပြည်သူများအား PPNM က တိုက်တွန်းထားသည်။