စစ်ကောင်စီကို အားပေးနေသည့် နိုင်ငံများအား သတိထားရန် NUG ကာကွယ်ရေးဝန်ကြီးပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်။ 

မြန်မာပြည်သူများ အပေါ် အကြမ်းဖက်မှု အမျိုးမျိုး ကျူးလွန်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို အားပေး ထောက်ခံနေသော နိုင်ငံအချို့ကို သတိထားကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်သည်။

မေလ ၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် မိန့်ခွန်းထဲတွင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အခုဆိုရင် မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနဲ့လည်း ဆက်စပ်လာတယ်။ ပြည်သူတွေရဲ့ ဆန္ဒသဘောထား ကို လျစ်လျူရှု့ပြီး မြန်မာပြည်အပေါ် ဩဇာလွှမ်းဖို့ ကိုယ်ကျိုးစီးပွား အမြတ်ထုတ်ဖို့ ကြံရွယ်ချက်နဲ့ စစ်ကောင်စီရဲ့ လူမဆန်မှုတွေကို လူမိုက်အားပေးလုပ်နေတဲ့ ပြည်ပနိုင်ငံ တချို့ ရှိလာတယ်ဆိုတာကိုလည်း သတိကြီးကြီးထား ရမယ်။

ပြည်ပနိုင်ငံအချို့က စစ်ကောင်စီ၏ အကြမ်းဖက်မှုများအပေါ် အားပေးထောက်ခံနေမှုတို့ကို ဂရုစိုက်မနေဘဲ တော်လှန်ရေး ခရီးဆုံးသည်အထိ ဆက်ပြီးချီတက်သွားဖို့ လိုသည်ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

“PDF တပ်မတော်အဖို့တော့ မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို အားကောင်းမောင်းသန် ဆက်လက် ချီတက် ကြဖို့ပဲ ဖြစ်လိမ့်မယ်။ အင်းတော်အောင်ပွဲကို ပြန်ကြည့်ရင် တောင့်ခံနိုင်စွမ်းက အဆုံးအဖြတ်ဖြစ်ခဲ့တယ်။ PDF ရဲဘော်တစ်ဦးချင်းအနေနဲ့လည်း စိတ်ရှည်ဖို့၊ ဇွဲကောင်းဖို့ ဘယ်လိုအခက်အခဲမျိုးကြုံပါစေ ကြံ့ကြံ့ခိုင် ဖြတ် သန်းဖို့ လိုအပ်တယ်။ အင်းတော်အောင်ပွဲနည်းတူ တော်လှန်ရေးတစ်ခုလုံးရဲ့ အောင်ပွဲကိုလည်း ငါတို့ရဲ့ တောင့်ခံ နိုင်စွမ်းကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့သည့် အမျိုးသားညီညွတ်ရေး အစိုးရ NUG က  ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ဖွဲ့စည်း တည်ထောင်ခဲ့သည့် ၄ နှစ်တာ ကာလအတွင်း မဟာမိတ်တပ် များနှင့် ပူးပေါင်းပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရှိသည့် စစ်ကောင်စီ တပ်စခန်းများ၊ မြို့များကိုလည်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြသည့် အပြင် အုပ်ချုပ်ရေး လုပ်ငန်းများကိုလည်း အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်နေကြပြီ ဖြစ်သည်။

လက်ရှိ မြေပြင် အခြေအနေများအရ တရုတ်၏ ဖိအားပေးမှုများကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်မတော် MNDAA က တိုက်ခိုက်သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီကို ပြန်ပြီးပေးလိုက် ရသည်။

အလားတူ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ကိုလည်း တရုတ်က ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း သိမ်းပိုက်ထားတဲ့ မြို့များကနေ ပြန်လည်ဆုတ်ခွာပေးရန် ဖိအားပေး ပြောဆိုမှုများ ရှိနေသည့် အပြင် ဆေးဝါးနှင့် ကုန်စည်သယ်ယူခွင့်တို့ကို ပိတ်ပြီး ပြည်သူလူထု ခက်ခဲမှုရှိအောင် ဖိအားပေး လုပ်ဆောင်မှု များ ရှိနေသည်ဟု မေလ ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် PSLF/TNLA က ပြောသည်။