စစ်ကောင်စီ၏ နျူကလီးယားစီမံကိန်း ဒေသတွင်း နိုင်ငံများ အန္တရာယ် ဖြစ်စေမည်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်။

စစ်ကောင်စီ၏ နျူကလီးယား ဓာတ်အားပေးစက်ရုံ စီမံကိန်းသည် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ် ရေးကို ထိပါးလာနိုင်သည့်အတွက် အထူးအလေးထား တုန့်ပြန်ဆောင်ရွက်ကြရန်  အမျိုးသား ညီညွတ် ရေး အစိုးရ NUG က ဒေသတွင်း နိုင်ငံများအား သတိပေး ပြောဆိုလိုက်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG က မေလ ၁၃ ရက်နေ့ (ယမန်နေ့) က  နှစ်ပတ်တစ်ကြိမ်ပြုလုပ်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် တွင် NUG ပြည် ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ထို့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဦးနေဘုန်းလတ်ကဒီလိုလုပ်ရပ်မျိုးတွေဟာ နောင်တစ်ချိန်မှာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ သာမက ဒေသတွင်း နိုင်ငံတွေနဲ့ အဲဒီနိုင်ငံတွေရဲ့ ပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုပါ ထိပါးလာနိုင်တဲ့ အခြေအနေမျိုး ဖြစ်တာကြောင့် ဒေသတွင်း နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထုနဲ့အတူ တော်လှန်ရေး အင်အားစုတွေနဲ့အတူ ရပ်တည်ပြီး အထူးအလေးထား တုန့်ပြန်ဆောင်ရွက်ကြဖို့ ပြောကြား လိုပါတယ်ဟု ပြောသည်

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြီးခဲ့သည့် မတ်လအတွင်း ရုရှားနိုင်ငံ ခရီးစဉ်တွင် အသေးစား နျူကလီးယား ဓာတ်အေားပေးစက်ရုံ တည်ဆောက်ရေးကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။

စစ်ကောင်စီက နျူကလီးယား ဓာတ်အားပေးစက်ရုံကို ပဲခူးတိုင်း အလယ်ပိုင်းနှင့် ထိုင်းနိုင်ငံ နယ်စပ် တနင်္သာရီ တိုင်း၊ ထားဝယ်ဒေသရှိ ထားဝယ် အထူးစီးပွားရေးဇုန်တွင် တည်ဆောက်မည်ဟု ထီးခီး စစ်ရေး အခြေအနေနှင့် ပတ်သက်၍ KNU ကလည်း မေလ ၉ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီက နျူကလီးယား စက်ရုံတည်ဆောက်မည့် အခြေအနေကြောင့် ဒေသတွင်း ပြည်သူများနှင့် ထိုင်းနိုင်ငံ ပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ် ကင်းရှင်းမှုနှင့် ကောင်းမွန်သော ဘဝ နေထိုင်မှုအတွက် အလွန်စိုးရိမ်ပူပန်မိသည်ဟု KNU က ပြောသည်။

စစ်ခေါင်းဆောင်၏ လုပ်ရပ်နှင့် ပတ်သက်၍ ဦးနေဘုန်းလတ်က  အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်နဲ့ အပေါင်းအပါ တစ်စုဟာ သူတို့ရဲ့ အာဏာ တည်မြဲရေး တစ်ခု သာ ရှေ့ရှု့ပြီး ပြည်သူလူထုရဲ့ အခွန်ဘဏ္ဍာ တွေကို ထင်သလို အသုံးပြုနေသလို အချို့သော နိုင်ငံတွေနဲ့ နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်း စတဲ့ လုပ်ငန်းစာချုပ်တွေ ချုပ်ဆိုပြီး တိုင်းပြည်ကိုလည်း အမြော်အမြင်ကင်းမဲ့စွာ အသုံးချ လျက်ရှိနေပါတယ် ဟု ပြောသည်။

အဆိုပါ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရှရှားနိုင်ငံက တည်ဆောက်ပေးမည် ဖြစ်ပြီး မဂ္ဂါဝပ် ၁၁၀ အသေးစား နျူးကလီးယားဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ စွမ်းဆောင်ရည် ထပ်မံ တိုးချဲ့နိုင်ရန်လည်း သဘောတူညီခဲ့ကြသည်ဟု ရှရှားသတင်းဌာနများ၏ သတင်းဖော်ပြချက်များအရ သိရသည်။

ရုရှားအစိုးရပိုင် Rosatom ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ် Alexei Likhachev နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး မျိုးသိန်းကျော်တို့က နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ သဘောတူညီချက်ကို  လက်မှတ်ရေးထိုးခဲ့ ကြခြင်း ဖြစ်သည်။

ထို့အပြင် အဏုမြူနှင့် ဓာတ်ရောင်ခြည် ဘေးအန္တရာယ် ကင်းရှင်းရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

အာဆီယံ ၁၀ နိုင်ငံက ၁၉၉၅ ခုနှစ်မှာ နျူကလီးယား လက်နက် ကင်းမဲ့ဇုန် သဘောတူညီချက်ကို လက်မှတ်ရေး ထိုး ထားကြပြီး ထိုသဘောတူညီချက်ကို ဘန်ကောက် သဘောတူညီချက် Bangkok Treaty ဟု ခေါ်သည်။