လောင်းလုံးမှ ဖမ်းဆီးခံ ၉ ဦး ပြန်လွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်။ 

လောင်းလုံးမြို့နယ်ထဲမှ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူ ပြည်သူ ၉ ဦး ပြန်လွတ်လာပြီဟု လွတ်မြောက် လာသူများက ပြောသည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းမှ  ဖမ်းဆီးခေါ်သွားသူ ပြည်သူ ၉ ဦး ကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း မြို့ခံများက ပြောသည်။

အသက် ၃၀ ခန့်အရွယ် လွတ်မြောက်လာသူတစ်ဦးက ရိုက်နှက်တာမျိုးတော့ မရှိပါဘူး။ အစားအသောက် တော့ မစားခဲ့ရဘူး ပြန်လွှတ်ပေးတာကိုပဲ ကျေးဇူးတင်နေရတယ် ဟု ပြောသည်။

မေလ ၂၀ ရက်နေ့၊ နံနက် ၅ နာရီအချိန်က လောင်းလုံးမြို့နှင့် စမ်းလှန်းကျေးရွာအကြားကို အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

စစ်ကြောင်းထိုးစဉ် လမ်းပေါ်တွင် သွားလာနေကြသည့် လောင်းလုံးမြိုခံပြည်သူ ၉ ဦးကို လောင်းလုံးမြို့နှင့် စမ်းလှန်းကျေးရွာကြားရှိ လက်ခတ်တောင်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ ညနေ ၃ နာရီ အချိန်ခန့်တွင် ပြန်လွှတ်ပေးခဲ့ သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းသည် လက်ခတ်တောင် စစ်ကောင်စီစခန်းရှိ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ တပ်စွဲထား သည်ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် မေလ ၁၉ ရက်နေ့၊ နံနက်ပိုင်းကလည်း လောင်းလုံးမြို့၏ အရှေ့ဘက် ပြင်းထိန်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ရွာအ‌ရှေ့ကျောင်းတွင် တပ်စွဲခဲ့သေးသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပြင်းထိန်ကျေးရွာ၌လည်း တပ်စွဲထားချိန်တွင် ရွာသား ရော်ဘာခြစ်သူတစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက်  ပြန်လည် လွှတ်ပေးခဲ့သည်။

ရွာသားများ မွေးမြူထားသည့် ကြက်များကိုလည်း ဖမ်းဆီးပြီး ချက်ပြုတ် စားသောက်သွားကြသေးသည်ဟု ရွာသားများက ပြောသည်။