ဩဂုတ်လကုန်တွင် စစ်ကောင်စီနှင့်တွေ့မည်ဟု TNLA ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်။ 

တရုတ်အစိုးရ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီ နှင့် ဩဂုတ်ကုန်တွင် ထပ်မံတွေ့ဆုံရန် ရှိသည်ဟု တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တာဝန်ရှိသူက ပြောသည်။

ဩဂုတ်လကုန်၌ ထပ်မံ တွေ့ဆုံရာတွင် လက်ရှိပြည်သူများ ကြုံနေရသည့် အခက်အခဲများ ပြေလည်စေရန် အဓိက တောင်းဆိုသွားမည်ဟု ဆိုသည်။

PSLF/TNLA ၏ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ကျမတို့ ဆောင်ရွက်နေတဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲကလည်း အဓိကကတော့ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးနဲ့ ပြည်သူလူထုတွေရဲ့ အကြပ်အတည်းကို ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ် ဟု ဇွန်လ ၅ ရက်နေ့တွင် လုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

‘၁၀၂၇’ စစ်ဆင်ရေး ဒုတိယပိုင်းအပြီးမှ စတင်၍ တရုတ်-မြန်မာ ထိစပ်နေသော နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ကို တရုတ်နိုင်ငံက ၂၀၂၄ ခုနှစ် ဇွန်လ ကတည်းက ပိတ်ထားခဲ့သည်မှာ တစ်နှစ်ကျော်ရှိနေပြီ ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

ထိုသို့ နယ်စပ်ဂိတ်များ ပိတ်ဆို့ထားမှုကြောင့် ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် စီးပွားရေး အခြေအနေ မှာ ပိုမိုကြပ်တည်း ခက်ခဲလာနေပြီး အဆိုပါကိစ္စရပ်များ ပြေလည်လာစေရန် ဦးစားပေး တောင်းဆိုသွားမည်ဟု လွေးယေဦးက ဆက် ပြောသည်။

ဆက်လက်ပြီးတော့မှ တွေ့ဆုံမယ် တွေ့ဆုံမှုတွေ ဖြစ်လာမယ် ဆိုရင် ဒီအချက်တွေ အပေါ်မှာပဲ အခြေခံပြီး တော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဓိကကတော့ လူထုတွေရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ရင်ဆိုင် ကျော် လွှားနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဧပြီလ နောက်ဆုံးပတ်တွင် တရုတ်နိုင်ငံ ကူမင်း၌ လုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ လေကြောင်းနှင့် ဒရုန်းများဖြင့် ဗုံးကြဲ ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စတင်ထိုးစစ်ဆင်ခြင်းများ မပြုလုပ်ဘဲ ရောက်နေသည့် နေရာတွင် ပစ်ခတ်တိုက်ခိုက်မှုများ အားလုံး ရပ်တန့်ရန်၊ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန် TNLA ဘက်က တောင်းဆိုခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ ဘက်မှလည်း TNLA က သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့ တို့ကို ပြန်ပေးပြီး တအာင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော နမ့်ဆန်နှင့် မန်တုံမြို့နယ်ဘက်သို့ ပြန်လည် ဆုတ်ခွာရန် တောင်းဆိုခဲ့သောကြောင့် ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ရသည်။

စစ်ကောင်စီ နှင့် TNLA နှစ်ဖက်လုံးက ငလျင်ထူထောင်ရေး အတွက် အပစ်အခတ် ရပ်စဲရေးကာလကို ဇွန်လကုန် အထိ တစ်လ ထပ်မံ သက်တမ်းတိုးထားကြသော်လည်း စစ်ကောင်စီဘက်မှ နောင်ချို၊ တောင်းခမ်းကျေးရွာတွင် စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခြင်းနှင့် အဆိပ်ငွေ့ဗုံးများ အသုံးပြု တိုက်ခိုက်ခြင်းများ ရှိနေသည်ဟု လွေးယေဦးက ပြောသည်။

ထို့ကြောင့် နောင်ချို့မြို့နယ်အတွင်း၌ နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး မြို့ခံအများစုမှလည်း ဘေးလွှတ် ရာသို့ ဇွန်လ ပထမပတ်မှစတင်၍ တိမ်းရှောင်နေကြပြီ ဖြစ်သည်။

‘၁၀၂၇’ စစ်ဆင်ရေးအတွင်း TNLA က မန္တလေးတိုင်းရှိ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ရှိ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင် စသည့် မြို့များကို သိမ်းပိုက်ထားသည်။