လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲတွင် အရပ်သား ၄ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့တွင် အရပ်သား ၄ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒစ်ရာ ရရှိခဲ့သည်။
စစ်ကောင်စီတပ်က ကျောက်မဲမြို့ရှိ ရပ်ကွက် ၃ နှင့် ရပ်ကွက် ၇ ထဲကို တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ ဂျက်ဖိုက်တာ ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချရာမှ ယခုကဲ့သို့ အရပ်သား ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်ဟု PSLF/TNLA က ဇွန်လ ၂၄ ရက်နေ့ (ယနေ့) ညတွင် ထုတ်ပြန်သည်။
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က “ဖြစ်စဉ်တွင် ယနေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂)ကြိမ် ဗုံးလာရောက်ကြဲချမှုကြောင့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးခဲ့ရပြီး အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူလူထု များ၏ နေအိမ် (၁၀)လုံးလည် ထိခိုက်ပျက်စီးသွားခဲ့သည်” ဟု ထုတ်ပြန်ထားသည်။
လူထိခိုက် သေဆုံး ဒဏ်ရာ ရရှိခဲ့သည့်အပြင် အရပ်သား ပြည်သူများ၏ နေအိမ် ၁၀ လုံး ထိမှန် ပျက်စီးခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ရေး သတိရှိကြရန်နှင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ကြရန် PSLF/TNLA က သတိပေးပြောဆိုထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် နမ္မတူမြို့နယ်၊ မန်လီကျေးရွာထဲကို ဂျက်ဖိုက်တာ ဖြင့် ပေါင် ၅၀၀ ဗုံး ၂လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူလူထုများ၏ နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။
Photo – PSLF/TNLA