မန္တလေး-မြစ်ကြီးနား လမ်း ၆ ရက် ခရီးသွားနေရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။ 

ကချင်ပြည်၏ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်သော မန္တလေး – မြစ်ကြီးနား လမ်းပိုင်းများ ပျက်စီးနေသဖြင့် ၅ ညအိပ် ၆ ရက်ခရီးအထိ အချိန်ကြာမြင့်လာသည် ဟု ကားသမားများနှင့် ခရီးသွားများက ပြောသည်။

အဆိုပါ လမ်းမကြီးကို စစ်ကောင်စီတပ်က ပိတ်ထားသဖြင့် ကားများမှာ မြေသားတောလမ်းမှ သွားနေရသဖြင့် မိုးရွာသည့် အချိန်တိုင်း၌ ယာဥ်တန်း ရာကြီးပိုင်းခန့် အထိ ပိတ်မိ လေ့ရှိသည်ဟု ကားသမားနှင့် ခရီးသွားများ က ဆိုသည်။

ကားသမားတစ်ဦးက မိုးတွင်းဆိုတော့ ကား အသွားအလာကလည်း ပြန်များတော့ မြေတွေက ပျော့တော့ ကား အကြီးတွေ သွားရင် ချိုင့်တွေ ဖြစ်သွားတာ။ ကားအကြီးတွေက မရုန်းနိုင်ဘဲ ပိတ်နေတာတို့ ဆိုရင် ကြာသွား ရော။ အဲ့ကား ပြန်ထွက်ပြီ ဆိုရင်တောင် နောက်မှာ တန်းစီနေတဲ့ ယာဥ်တန်းက မနည်းဘူး။ ပြောမယ် ဆိုရင် တော့ လမ်းမကောင်းတော့ ကားပိတ်တာပေါ့။ ဥပမာ စပိတ်တာကို ကြုံတဲ့ကားကတော့ ပိတ်တာက ၃ ရက်၊ သွားတာက ၂ ရက်ဆိုတော့ ၅ ညလောက် အိပ်ပြီး ၆ ရက်လောက် သွားနေရတာဟု ပြောသည်။ 

မိုင် ၄၀ ကျော် ရှည်လျားသော အဆိုပါ တောလမ်းကို အသုံးပြုသွားလာနေရသည်မှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အင်းတော်မြို့သိမ်း တိုက်ပွဲ စတင်ချိန်မှ ယနေ့အချိန်ထိ ဖြစ်သည်။

ယခုနှစ် ဧပြီလ ၇ ရက်နေ့က အင်းတော်မြို့ကို ကာကွယ်ရေး ပူးပေါင်းတပ်တို့က အပြီးသတ် သိမ်းပိုက်လိုက်ပြီးချိန် တွင် တိုက်ပွဲကြောင့် ပိတ်ထားသည့် ကားလမ်းမ လမ်းပိုင်းအချို့ကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်က ပြန်ဖွင့် ပေးခဲ့သည်။

သို့သော့် ကန့်ဘလူမြို့နယ် တစ်ဝိုက်အား ထိန်းချုပ်ထားဆဲ ဖြစ်သည့် စစ်ကောင်စီတပ်က ၎င်းတို့ ထိန်းချုပ်ထား သည့် နေရာမှ စ၍ လမ်းအား ပြန်ပိတ်ခဲ့သဖြင့် ခရီးသွားများနှင့် ကားသမားများမှာ တောလမ်းကို ယနေ့အချိန်ထိ အသုံးပြုနေရဆဲ ဖြစ်သည်။

စစ်ကိုင်းနှင့် ကချင်အစပ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ကန့်ဘလူက စံပါယ်နံ့သာက မြစ်ကြီးနား မန္တလေး ခရီးတစ်ထောက်နားတဲ့ နေရာကို စစ်တပ်က ပိတ်ချလိုက် ပြီး ပေးမဖြတ်‌တော့ အဲ့ဒီရွာကို ကွင်းရတာ။ ကွင်းတဲ့လမ်းက မိုင် ၄၀ ကျော် ရှိတယ်။ အဲ့ဒီလမ်းက မိုးရွာရင်လစ် ပြီ။ မြေသားလမ်း မြေစေးတွေဆိုတော့ မိုးရွာရင်သွားပြီ ဟု လမ်းပိုင်းအခြေအနေကို ရှင်းပြသည်။

ယခုရက်ပိုင်း အတွင်း မန္တလေး – မြစ်ကြီးနား လမ်းပိုင်း၌ ယာဥ် ထောင်နှင့်ချီ ပိတ်မိနေဆဲ ဖြစ်ပြီး မိုးဆက် တိုက် ရွာသွန်းနေဆဲ ဖြစ်သဖြင့် အရေးပေါ်ကိစ္စ မရှိလျှင် ခရီးမထွက်ကြဖို့ ကားသမားများက တိုက်တွန်းထားသည်။

လမ်းခရီး ကြန့်ကြာနေမှုများကြောင့် မန္တလေးမှ သယ်ယူလာသည့် သားငါးနှင့် ကုန်စိမ်း များမှာ ပုပ်သိုး ပျက်စီးကုန်သည်ဟု ကားသမားများက ပြောသည်။

ထို့အပြင် တရုတ်နှင့် ကချင်အစပ်က နယ်စပ်ဒေသ တိုက်ပွဲများကြောင့် တရုတ်ပြည်မှ ကုန်စည် အဝင်လည်း မရှိတော့သည့် အတွက် ကချင်ပြည် တစ်ဝှမ်း ကုန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေသည်။

မြို့တော် မြစ်ကြီးနားတွင် ဝက်သား တစ်ပိဿာကို ကျပ် ၅သောင်းနှုန်းထိ ပေးဝယ်နေရသည်မှာ တစ်နှစ်ပြည့် တော့မည်ဟု ဒေသခံများက ဆိုသည်။

ဓာတ်ပုံ (မန္တလေး – မြစ်ကြီးနား လမ်းပိုင်းက ပေကြီးကွင်း လမ်းနေရာအချို့)