ကျောက်တော်မြို့နယ်က ကိုယ်ပိုင်အထက်တန်းကျောင်း ဗုံးကြဲခံရမှု ၂၂ ဦးသေဆုံး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်။

ရခိုင်ပြည် ကျောက်တော်မြို့နယ်ထဲက ကိုယ်ပိုင် အထက်တန်းကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၂၂ ဦး ရှိသွားပြီဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ကျောက်ဖြူမြို့နယ်ထဲက သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းဆိုသည့် ကိုယ်ပိုင် အထက်တန်းကျောင်း ရှေ့တည့်တည့်ကို လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက တိုက်ပွဲလည်း မဖြစ်ပါဘူး။ အခုဖြစ်သွားတဲ့နေရာက ကျောင်းသားတွေ နေတဲ့ နေရာပါ။ ဒီလို နေရကို ဗုံးကြဲတာက လူမဆန်တဲ့ လုပ်ရပ်လို့ပဲ ပြောရမှာပေါ့ဗျာ။ ကျောင်း တာဝန်ရှိသူ ပြောပြချက်အရ ဆိုရင် ကလေးတွေက အိပ်ခါစပဲ ရှိသေးတယ်။ ကျောင်းသားတွေ စာကျက်ပြီး အိပ်ခါစလေးမှာ ဖြစ်သွားတာ တဲ့။ လေယာဉ်သံတော့ ကြားလိုက်တယ် ပြေးချိန် မရလိုက်ဘူးတဲ့ ဟု ပြောသည်။

လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကျောင်းရှေ့ တည့်တည့်ကို ကြဲသွားခြင်း ဖြစ်သည်ဟု အာရက္ခတပ်တော် ULA/AA က ထုတ်ပြန်ထားသည်။

ဖြစ်ဖြစ်ချင်း၌ သေဆုံးသူ ၁၇ ဦး၊ ဒဏ်ရာ ရသူ အယောက် ၃၀ နီးပါးခဲ့ရာမှ စက်တင်ဘာလ ၁၂ ရက်နေ့၊ နေ့လည် ပိုင်း ၂ နာရီကျော်ခန့်တွင် သေဆုံးသူ ဦးရေ ထပ်တိုးလာကာ ယခုတွင် သေဆုံးသူ ၂၂ ဦး ရှိသွားပြီ ဖြစ်သည်။

ဒေသခံတစ်ဦးက မြင်ရတွေ့ရတာ တကယ်ကို စိတ်မကောင်းစရာပါ။ လုပ်ရက်လိုက်ကြတာဗျာ။ ဘယ်လိုမှ ခွင့်လွှတ်စရာ အကြောင်းမရှိဘူး။ လူထုလည်း နာရေးရော စိုးရိမ်တာရော အဲ့လိုဖြစ်နေကြတာ။ ဟိုး ပြီးခဲ့ နှစ်ရက်လောက်ကလည်း ကင်းထောက်ပျံသွားတာရှိတယ်။ နောက်ပြီး ဇီးချောင်းဘက်ကို လာပစ်သွားတာ လည်း ရှိနေတော့ ထပ်လာမှာကိုလည်း စိုးရိမ်ကြတာတော့ရှိတယ်” ဟု ပြောသည်။

ဒဏ်ရာရထားသောသူများထဲ၌ အသက်အန္တရာယ် စိုးရိမ်ရသည့် သူများ ရှိနေသေးသည်ဟု ဆိုသည်။

ယခုဖြစ်စဉ်အတွင်း သေဆုံး ဒဏ်ရာ ရသူများထဲ ကျောင်းသား အများစု ပါဝင်သည်ဟု ဆိုသည်။ ကျောင်းသား များမှာ Grade 10၊ Grade 11၊ Grade 12 မှာ ကျောင်းသားများ ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် သေဆုံးဒဏ်ရာ ရသူများထဲ၌ ကိုယ်ပိုင်ကျောင်းအနီးရှိ အရပ်သားနေအိမ်များမှ အရပ်သားပြည်သူများ လည်း ပါသည်ဟု ဆိုကြသည်။

ဗုံးကြဲမှုကြောင့် ပညာပန်းခင်း ကိုယ်ပိုင်ကျောင်းအပြင် အနီးအနားရှိ အခြားကိုယ်ပိုင်ကျောင်း တစ်ကျောင်းလည်း လုံးဝပျက်စီးသွားသည် မြို့ခံများက ပြောသည်။

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ‘ပညာပန်းခင်း’ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ‘အမြင်သစ်’ ကိုယ်ပိုင်အထက်ကျောင်းတို့ကို တပြိုင်တည်း ပေါင်း ၅၀၀ ဗုံး ၂လုံး ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ရခိုင်တက်ကြွလှုပ်ရှားသူ ကိုဝေဟင်အောင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွေ ရေးသားထားသည်။

ကျောင်းနှစ်ကျောင်းလုံး လုံးဝ ပျက်စီးသွားသည့်အပြင် အနီးအနားပတ်ဝန်းကျင်က အရပ်သား နေအိမ် ၆ဆောင်လည်း လုံးဝပျက်စီးသွားသည်ဟု ဆိုသည်။

ဓါတ်ပုံ – ကိုဝေဟင်အောင်