ရွေးကောက်ပွဲမှာ စစ်တပ် အကျိုးစီးပွားသာဖြစ်ဟု KNU ဥက္ကဋ္ဌ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။

စစ်ကော်မရှင်က ပြုလုပ်ရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် စစ်တပ်နှင့် အပေါင်းအပါတစ်စု၏ အကျိုး စီးပွား အတွက်သာ ဖြစ်ပြီး အာဏာရှင်စနစ် ထာဝရတည်မြဲရေးကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်သည်။

ဒီဇင်ဘာလ ၁၉ ရက်တွင် ကျရောက်သည့် ၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌ ဥက္ကဋ္ဌက ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုသည် ၎င်းတို့၏ အာဏာကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ဆက်လက် ထိန်းချုပ်နိုင်ရန်အတွက် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ပဒိုစောကွယ်ထူးဝင်းက အခုအချိန်မှာ ဗမာစစ်အာဏာရှင်အုပ်စုဟာ သူတို့ရဲ့ အာဏာ ထာဝရ တည်တံ့ခိုင်မြဲ နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေရာမှာ အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ စစ်တပ်ဟာ ဒီနိုင်ငံ ရဲ့ နိုင်ငံရေးကို အမြဲတမ်းချုပ်ကိုင်ချယ်လှယ်ပြီး ထာဝရအာဏာတည်တံ့ခိုင်မြဲနေစေဖို့အတွက်ပဲ ဖြစ်ပါတယ် ဟု ပြောသည်။

ထို့အပြင် ယခုရွေးကောက်ပွဲသည် စစ်ခေါင်းဆောင်များ၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဖက်အစုအဖွဲ့များ ကြီးပွားချမ်းသာရေးအတွက် အခြေခံထားသည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဒီအတုအယောင်ရွေးကောက်ပွဲမှာ သေချာပေါက် အနိုင်ရဖို့အတွက်ကို ပြင်ဆင်စီမံနေပြီး စစ်ခေါင်းဆောင် အများအပြားဟာ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံပြီး အနိုင်ရဖို့ နည်းလမ်းမျိုးစုံသုံးနေတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်အုပ်စုဟာ စစ်တပ်ထဲမှာရှိနေတဲ့ ဗမာလူမျိုးတွေနဲ့ မိတ်ဖက်ဆွေမျိုးများ အာဏာရရှိရေးနဲ့ ကြီးပွားတိုးတက်ရေးအတွက်ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ် ဟု KNU ဥက္ကဋ္ဌက ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်မှစ၍ စစ်အုပ်ချုပ်ရေးပုံစံအမျိုးမျိုး ပြောင်းလဲခဲ့သော်လည်း မဟာ လူမျိုးကြီး ဝါဒကိုမူ စွန့်လွှတ်ခြင်းမရှိကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ထပ်မံ အာဏာသိမ်း လိုက်ခြင်း သည် ပြည်သူများလိုလားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို စစ်တပ်က လုံးဝ လက်မခံနိုင်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်ဟု KNU က သုံးသပ်သည်။

ပဒိုစောကွယ်ထူးဝင်းက ဗမာစစ်တပ်အနေနဲ့ ဒီလိုအဓမ္မ အာဏာသိမ်းမှုဟာ လူမျိုးစုတွေနဲ့ ပြည်သူလူထုတွေ လိုလားတဲ့ ဒီနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအနေနဲ့ တည်ထောင်ဖို့ဆိုတာကို လုံးဝလက်မခံနိုင်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြတာပဲ ဖြစ်ပါတယ်။ ဗမာစစ်တပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရေးသားထားတဲ့ အခွင့်အာဏာပေးထားတဲ့အတိုင်းပဲ စစ်တပ်ကနေ ကြီးစိုးချုပ်ကိုင်လိုတဲ့ ဆန္ဒပဲ ရှိပါတယ်ဟု ပြောသည်။

KNU ၏ တော်လှန်ရေး ရည်မှန်းချက်သည် အာဏာရှင်စနစ် ပုံသဏ္ဍာန် အမျိုးမျိုးကို ဖြိုချဖျက်ဆီးပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ကြောင်း၊ ယင်းရည်မှန်းချက် အောင်မြင်ရန် နိုင်ငံရေးနည်းလမ်း တစ်ခုတည်းနှင့် မလုံလောက်ဘဲ စစ်ရေးနည်းလမ်းဖြင့် လည်း အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောသည်။