ငွေလိမ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ကမ္ဘောဒီးယားမှ တရုတ်သို့လွှဲပြောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်။ 

ကမ္ဘောဒီးယားနိုင်ငံတွင် အခြေစိုက်ကာ နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှုနှင့် အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသော ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သော လီရှောင်း (Li Xiong) ကို ကမ္ဘောဒီးယားအစိုးရက ဖမ်းဆီး၍ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။

လီရှောင်းသည် ကမ္ဘောဒီးယားနိုင်ငံရှိ နာမည်ကြီးငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သော ဟွေယွန်းပေး (Huione Pay) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သည်။   

ပြီးခဲ့သည့် ဇန်နဝါရီလက ဖမ်းဆီးခံခဲ့ရသည့် စီးပွားရေးသမား ချန်ကျိ (Chen Zhi) ၏ ရာဇဝတ်ဂိုဏ်းတွင် အဓိကအဖွဲ့ဝင်တစ်ဦးအဖြစ် စွပ်စွဲခံထားရသူဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဟွေယွန်းအုပ်စု (Huione Group) သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများမှရရှိသော တရားမဝင်ငွေကြေး အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်ကို ခဝါချပေးခဲ့သည်။ 

ချန်ကျိ ပိုင်ဆိုင်သည့် ပရင့်စ်အုပ်စု (Prince Group) ကို အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က “နိုင်ငံဖြတ်ကျော် ရာဇဝတ်အင်ပါယာ” အဖြစ် သတ်မှတ်ထားသော်လည်း အဆိုပါအဖွဲ့ဘက်ကမူ ၎င်းတို့သည် လီရှောင်းနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။ 

ကမ္ဘောဒီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူကမူ ယခုဖမ်းဆီးမှုသည် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများကို အပြတ်အသတ်နှိမ်နင်းမည့် ရပ်တည်ချက်ကို ပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။