KNU ပူးပေါင်းတပ်များ ဝေါလေဗျူဟာကုန်းကို ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်။ 

မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်တပ်၏ ‘ဝေါလေဗျူဟာကုန်း’ ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ရန် အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ပြီးခဲ့သည့် ဧပြီလတတိယပတ်မှ စတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များက ဝေါလေဗျူဟာစခန်းကို အလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် စစ်တပ်၏ ရှေ့တန်းကာကင်းစခန်းအချို့ကို ထပ်မံ သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။ 

စစ်တပ်ဘက်ကမူ ၎င်းတို့၏ ဗျူဟာစခန်း လက်မလွှတ်ရရေးအတွက် တစ်ရက်တည်းတွင်ပင် လေကြောင်းမှ ဗုံးအကြိမ် ၂၀ နီးပါး ကြဲချကာ ခုခံနေရသည်။

ထိုသို့ တိုက်ပွဲများပြင်းထန်နေစဉ်အတွင်း ဧပြီလ ၂၇ ရက်နေ့က စစ်တပ်ဘက်မှ ဂျက်ဖိုက်တာများဖြင့် မီးလောင် ဗုံးများ အသုံးပြုကာ တိုက်ခိုက်ခဲ့သဖြင့် ဝေါလေနှင့် ထီးသဲလယ်ကျေးရွာရှိ လူနေအိမ် ၃၀ ခန့် မီးလောင်ပျက်စီး သွားသည်ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ၂၇ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ ဗုံးလာကြဲတယ်။ ဂျက် ဖိုက်တာနဲ့ မီးလောင်ဗုံးတွေ အပါအဝင် ဗုံးအလုံးရေ တော်တော်များများ လာကြဲသွားတာပါ။ အဲ့ဒီတိုက်ခိုက်မှု ကြောင့် ဝေါလေနဲ့ ထီးသဲလယ်ရွာက အိမ်ပေါ့နော် ၃၀ လောက် မီးလောင်ပြာကျသွားခဲ့ရတယ်။ ကံကောင်းတာ က ဒေသခံတွေက တိုက်ပွဲအခြေအနေကြောင့် ကြိုတင်ရှောင်တိမ်းနေကြလို့ လူထိခိုက်မှုတော့ မရှိခဲ့ဘူးဟု ပြောသည်။

တိုက်ပွဲများကြောင့် ဝေါလေဒေသခံ အရပ်သား ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

ဝေါလေဒေသခံတစ်ဦးက လေယာဉ်ကတော့ တောက်လျှောက်ဝဲပြီး ဗုံးကြဲနေတာပဲ။ စခန်းထဲက စစ်သားတွေ လည်း အပြင်ကို ထွက်ပြေးနေကြတယ်လို့ ကြားတယ်။ ရွာထဲမှာလည်း လက်နက်ကြီးကျည်တွေကျတော့ လူတွေက ထိုင်းဘက်ကမ်းကို ကူးဖို့ အထုပ်အပိုးတွေနဲ့ ပြင်နေကြရပြီ ဟု ပြောသည်။

တစ်ဖက်တွင်လည်း စစ်တပ်သည် နယ်စပ်ကုန်သွယ်ရေး တံတားကို ဧပြီလ ၂၈ ရက်နေ့တွင် ပြန်ဖွင့်ရန် ထိုင်းအာဏာပိုင်များထံ စာပို့ အကြောင်းကြားထားကြောင်း ထိုင်းသတင်းအချို့က ဖော်ပြသည်။ 

မြဝတီတဖက်ခြမ်း မဲဆောက်မြို့မှ ဒေသခံတစ်ဦးက ချစ်ကြည်ရေး တံတားဖွင့်ဖို့ မြန်မာအာဏာပိုင်တွေ Tak (တက်ခ်ခရိုင်) အာဏာပိုင်တွေကို စာပို့တယ်လို့ ကြားတယ်။ ဧပြီ ၂၈ ရက်မှာ ဖွင့်ဖို့ ဖွင့်လို့အဆင်ပြေပြီ ဆိုတဲ့အကြောင်းပေါ့ဗျာ။ ဒါက တကယ်တော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ။ တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်နေတာလေ။ မြန်မာဘက်က သူတို့ဖြစ်ချင်တာကို ပြောနေတာမျိုးဗျ ဟု ပြောသည်။

သို့သော်လည်း မြေပြင်တွင် စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ အကြိမ်ကြိမ်ကျရောက်နေသဖြင့် ထိုင်းအာဏာပိုင်များက နယ်စပ်လုံခြုံရေးကို အရေးပေါ်တပ်လှန့် သတိပေးထားသည်။

ဝေါလေဗျူဟာကုန်းသည် မြဝတီတောင်ဘက်ခြမ်းတွင် စစ်တပ်၏ နောက်ဆုံး အမာခံစခန်းဖြစ်သဖြင့် အဆိုပါ စခန်းသာ ကျဆုံးသွားပါက နယ်စပ်တစ်လျှောက် စစ်တပ် ကင်းစင်နယ်မြေ ဖြစ်လာမည်ဖြစ်သည်။ 

ဝေါလေဗျူဟာ ကုန်းသည် ထိုင်း-မြန်မာနယ်စပ်အား စောင့်ကြည့်စိုးမိုးနိုင်သည့် အမြင့်ပိုင်းနေရာတွင် ရှိခြင်းကြောင့် နယ်စပ်ဖြတ်ကျော်မှုများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ထားနိုင်သည့် ဗျူဟာမြောက်ကုန်းတစ်ခု ဖြစ်သည်။ 

မြဝတီ – ဝေါလေ လမ်းပိုင်းကို စိုးမိုးထားနိုင်သည့် အတွက် ဤဒေသတွင်ရှိ စစ်ရေးလှုပ်ရှားမှုတွေအတွက် အချက်အခြာကျသည်။ 

ထို့ကြောင့် စစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသလို၊ ထိုင်းနိုင်ငံဘက်မှ တစ်ဆင့် စစ်ကူပို့ဆောင်နိုင်ရေး ကြိုးပမ်းနေသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။