စစ်ဆင်ရေး ရက် ၉၀ အတွင်း မြန်မာလုပ်သားများ အထူးသတိပြုရန် လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသားများအား ရက်ပေါင်း ၉၀ (၃ လတာ) အထူးစီမံချက်ဖြင့် ဖမ်းဆီး နှိမ်နင်းမှုများ ဆောင်ရွက်နေသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် နေထိုင်ခွင့်အထောက်အထားများနှင့် အလုပ်အကိုင်ကန့်သတ်ချက်များကို အထူးသတိပြုကြရန် အလုပ်သမားအရေး ဆောင်ရွက်သူများက သတိပေး လိုက်သည်။
ထိုင်းရဲချုပ်၏ ညွှန်ကြားချက်အရ ဒေသဆိုင်ရာရဲတပ်ဖွဲ့များသည် မေလ ၁၂ ရက်နေ့မှ စတင်ကာ နိုင်ငံခြားသား အများအပြား နေထိုင်လုပ်ကိုင်ရာ နေရာများကို ပိုက်စိတ်တိုက် ရှာဖွေနှိမ်နင်းလျက်ရှိသည်။
ယခုလုပ်ဆောင်ချက်သည် ထိုင်းနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးအရ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) အပါ အဝင် တရားမဝင်စီးပွားရေးများနှင့် နယ်စပ်ဖြတ်ကျော်မှုများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ထိုင်းသတင်းများ က ဆိုသည်။
ရခိုင်အလုပ်သမားများအဖွဲ့ (AWO) ၏ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ က တော့ သတိထားရမယ့် အနေအထားမှာတော့ ရှိတာပေါ့။ ကျားဖြန့်ကို အကြောင်းပြတာတွေ၊ နိုင်ငံတော် လုံခြုံ ရေးအရ အကြောင်းပြတာတွေ ရှိတဲ့အခါကျတော့ ဒီလုပ်သားတွေ ရှိတဲ့နေရာတွေ ကျနော်တို့ ဈေးဆိုင်တွေ နောက်ပြီးတော့ စားသောက်ဆိုင်တွေ တခြား ဘားဆိုင်တွေ၊ တခြားသော အလုပ်ကိစ္စတွေ၊ ကုန်တိုက်တွေ အဲ့လို မျိုး ဝင်ရောက်စစ်ဆေးမှာတော့ ကျနော်တို့ နားလည်ထားတယ်ပေါ့နော်။ အဓိကတော့ သူတို့ သံသယရှိတဲ့ နေရာတွေပေါ့။ အဲဒီနေရာတွေကိုတော့ ဝင်ရောက် စစ်ဆေးနိုင်တယ်ပေါ့” ဟု ပြောသည်။
အဆိုပါ ညွှန်ကြားချက်မတိုင်မီ မေလပထမပတ်အတွင်းမှာပင် တရားမဝင်မြန်မာလုပ်သား ၁၅၀ ကျော် ဖမ်းဆီးခံ ခဲ့ရပြီး၊ မေလ ၁၁ ရက်နေ့ကလည်း ချင်းမိုင်တက္ကသိုလ်အနီးရှိ မြန်မာနိုင်ငံသားပိုင် မျက်မှန်ဆိုင်ကို ဝင်ရောက် စီးနင်းကာ အလုပ်လုပ်ကိုင်ခွင့် (Work Permit) မရှိသည့် မြန်မာ ၅ ဦးကို ဖမ်းဆီးခဲ့သည်။
ယခုကဲ့သို့ ဖမ်းဆီးမှု များပြားလာခြင်းကြောင့် ထိုင်းရောက် မြန်မာလုပ်သားများကြား စိုးရိမ်မှုများ မြင့်တက် နေကြသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက “ထိုင်းမှာ အလုပ်လာလုပ်တာ မကြာသေးဘူး ရောက်တာလည်း မကြာသေးဘူးပေါ့နော်။ ပြေးရင်းပြေးရင်းနဲ့ မှောင်ခိုလုပ်လိုမျိုးဆိုတော့ ဘာမှ မလွတ်လပ်ဘူး။ ကျနော်တို့ အဆောင်မှာ လာဖမ်းတာတော့ ရှိတယ်လေး တစ်ခေါက် နှစ်ခေါက်။ အလုပ်လုပ်ရတာ စိတ်ထဲ မလွတ်လပ်ဘူး အဲ့လိုမျိုး ဖြစ်သွားတယ်ပေါ့” ဟု ပြောသည်။
ထို့ပြင် ချင်းရိုင်တွင် မြန်မာလုပ်သား ၃၆ ဦးနှင့် ဖိစနုလုခ်ခရိုင်တွင် ကား ၁၀ စီးဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံ သား ၁၆၀ ဦးတို့ ဆက်တိုက်ဖမ်းဆီးခံခဲ့ရသည်။ ချင်းမိုင်မြို့တွင်း၌လည်း မေလ တတိယပတ်တွင်း ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်ရှိနေသည်။
အခြား ရွှေ့ပြောင်း မြန်မာလုပ်သားတစ်ဦးကလည်း “စိုးရိမ်တယ်။ မပျော်တော့ဘူး။ Stress zone ထဲ ရောက် နေတယ်လို့ ခံစားရ လာတယ်” ဟု ပြောသည်။
ထို့ကြောင့် မြန်မာလုပ်သားများအနေဖြင့် ကိုင်ဆောင်ထားသည့် CI စာအုပ် (သို့မဟုတ်) ပန်းရောင်ကတ်ပါ အချက်အလက်များ၊ စာရွက်စာတမ်းများ၊ အလုပ်ရှင်အမည်နှင့် အလုပ်အမျိုးအစားများကို အသေအချာ သိရှိ နားလည်ထားရန် လိုအပ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက တိုက်တွန်းသည်။
ကိုနိုင်အောင်အောင်က “အရေးကြီးဆုံးကတော့ ကိုယ့်မှာ စာရွက်စာတမ်း မပြည့်စုံတာတွေ ဆိုလို့ရှိရင် သွားတာ လာတာလေးကို သတိထားဖို့ အရေးကြီးတယ်။ နောက်တစ်ခုကကျတော့ ကိုယ်ကိုင်ဆောင်ထားတဲ့ စာရွက် စာတမ်းတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်နားလည်အောင်လေး ကြိုးစားထားဖို့လိုတယ်။ ကိုယ်လုပ်တဲ့ သူဌေးက ဘယ်သူလဲ၊ အလုပ်အမျိုးအစားကဘာလဲ၊ ဒါတွေလည်း လေ့လာထားဖို့ လိုတယ်။ ကိုယ်ကိုင်ဆောင်ထားတဲ့ စာရွက်စာတမ်းနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်အမျိုးအစားနဲ့ ကိုက်ညီတာ မကိုက်ညီတာကတော့ တစ်ပိုင်းထားလိုက် ပေါ့။ အာဏာပိုင်တွေ စစ်ဆေးလာတဲ့အခါ ဒါတွေကိုလည်း ကိုယ့်အလုပ်အမျိုးအစားပေါ်မှာ မူတည်ပြီးတော့မှ ပြောပြနိုင်ရင် ပိုကောင်းတာပေါ့” ဟု အကြံပြုထားသည်။
တစ်ဖက်တွင်လည်း ရခိုင်အလုပ်သမားများအဖွဲ့ (AWO)နှင့် အခြားသော အလုပ်သမားအရေး ဆောင်ရွက်နေ သူများ အနေဖြင့် ထိုင်းအစိုးရ၏ နိုင်ငံတော်လုံခြုံရေးအရ အထူးစီမံချက်ဖြင့် စစ်ဆေးဖမ်းဆီးမှုများကို နားလည် သော်လည်း မြေပြင်ရှိ ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ထောက်ပြထားသည်။
အထူးသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံးလုပ်ကိုင်နေသည့် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် စက်ရုံလုပ်ငန်းခွင်များ၌ အခြေခံလုပ်ခလစာ အပြည့်အဝမရရှိခြင်း၊ မတရားခိုင်းစေမှုနှင့် အလုပ်သမား အခွင့် အရေး ချိုးဖောက်ခံရမှုများကိုလည်း ထိုင်းအာဏာပိုင်များအနေဖြင့် ထိရောက်စွာ အလေးထားဖြေရှင်းပေးရန် AWO က တောင်းဆိုထားကြသည်။