လမ်းများ ယာယီပွင့်နေသော်လည်း ဖားကန့်တွင် စစ်တပ်က ဖိနှိပ်သတ်ဖြတ်မှုများ ပိုလုပ်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်။
လမ်းပိုင်းအချို့ ယာယီပြန်ပွင့်သော်လည်း ကချင်ပြည်၊ ဖားကန့်တွင် စစ်တပ်က အရပ်သား ၃ ဦးကို ပစ်သတ်ပြီး ဖိနှိပ်မှုများ ဆက်လုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ အရေးပါသော ဗျူဟာမြောက် လမ်းပိုင်းအချို့ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ပြည်သူများသွားလာနိုင်ရန် ယာယီပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဖားကန့်ကျောက်စိမ်းမြေ တွင်မူ စစ်တပ်က အရပ်သားပြည်သူများကို ဆက်လက်သတ်ဖြတ်နေပြီး နယ်မြေတွင်း ဖိနှိပ်မှုများ ပိုမိုဆိုးရွား လာနေကြောင်း ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများက ပြောသည်။
မေလ ၂၉ ရက် ယနေ့နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ စစ်တပ်စွဲထားသည့် တိုက်နယ် ဆေးရုံကုန်းအနီးတွင် သေဆုံးသူ အရပ်သား ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြသည်။
သေဆုံးသူများမှာ သင်္ဂဟလူမှုကူညီရေးအသင်းပိုင် အောက်ဆီဂျင်စက်ရုံဝင်းအတွင်း ခိုလှုံနေထိုင်ကြသည့် အိမ်ရာမဲ့ အမျိုးသား ၃ ဦးဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ဦးမှာ လုံးခင်းသုဿန်တွင် နေထိုင်သည့် အသက် ၃၀ အရွယ် ကိုရွှေအဖြစ်ပြီး ကျန် ၂ ဦးမှာ ရပ်ဝေးမှ ကျောက်လာရှာသည့် ကရင်အမျိုးသား ၂ ဦး ဖြစ်သည်ဟု ဆိုသည်။
၎င်းတို့ ၃ ဦးမှာ စစ်တပ်က ပစ်သတ်ထားသည့် နွားတစ်ကောင်ကို သွားရောက်အမဲဖျက်ရာမှတစ်ဆင့် အမှုပေါ် ပေါက်ပြီး ရက်ရက်စက်စက် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
ဒေသတွင်း ကျောက်ပွဲစားတစ်ဦးက “ဘယ်ချိန်သေလဲတော့ မသိဘူး။ ဒီမနက်တော့ ဟုတ်တယ်။ စစ်တပ်ကပဲ လုပ်တာ။ သူတို့ကို ပစ်သတ်ထားတဲ့ ဆေးရုံကုန်းက စစ်တပ်တွေပဲနေတာ။ ဘယ်အဖွဲ့မှ မရှိဘူး။ သူတို့ စွဲထားတာ တော်တော်ကြာပြီ” ဟု ပြောသည်။
ယခုဖြစ်စဉ်ကြောင့် ဒေသတွင်း ခိုလှုံနေထိုင်သူများမှာ စိုးရိမ်ကြောက်လန့်နေကြရသည်။
လက်ရှိတွင် စစ်တပ်သည် ဖားကန့် လုံးခင်းဒေသ၌ တပ်အချိန်းအပြောင်းများ ပြုလုပ်နေပြီး၊ ၎င်းတို့ လက် အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်နှင့် ရှမ်းနီတပ်မတော် (SNA) တို့ကို လုံးခင်း၊ မှော်စီစာ၊ လယ်ပြင်နှင့် ငြိမ်းချမ်း သာယာကျေးရွာများတွင် ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက်ခြင်း၊ လူသတ်ခြင်းနှင့် ငွေညှစ်ခြင်းများကို စိတ်တိုင်းကျ လုပ်ခွင့်ပေးထားကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့် ၂ ရက်တာအတွင်း၌ပင် စစ်အုပ်စု၏ ဓားပြတိုက်မှုကြောင့် ဒေသခံများထံမှ ငွေကျပ်သိန်း ၈၀၀ ကျော် နှင့် ဖုန်း ၂ လုံး ဆုံးရှုံးခဲ့ရသည်။
အခြားတစ်ဖက်တွင်မူ တိုက်ပွဲများကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ရသည့် ကာမိုင်း-ဖားကန့် လမ်းပိုင်း ကို ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ သွားလာရေး အဆင်ပြေစေရန် အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က မေလ ၂၇ ရက်နေ့တွင် ယာယီပြန်ဖွင့်ပေးခဲ့သည်။
ထို့ပြင် အင်းတော်နှင့် ကသာဘက်၌ တိုက်ပွဲပြင်းထန်မှုကြောင့် ပိတ်မိနေသည့် မန္တလေး-မြစ်ကြီးနား ဗျူဟာ လမ်းပိုင်းအချို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၂၇ ရက်နေ့၌ပင် ပြန်ဖွင့်ပေးခဲ့သဖြင့် ကသာမြို့ထဲတွင် ရက်ရှည်ပိတ်မိနေသည့် ကုန်တင်ကားနှင့် ခရီးသည်တင်ကား အစီးရေ ထောင်ချီမှာ မြစ်ကြီးနား ဘက်သို့ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြသည်။
သို့သော်လည်း ဒေသတွင်း၌ စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ ကာ အဓိကလမ်းကြောင်းများ မကြာခဏ ပိတ်ဆို့နေဆဲဖြစ်ရာ ဒေသခံပြည်သူ ထောင်နှင့်ချီမှာမူ စစ်ဘေးတိမ်း ရှောင်နေရဆဲ ဖြစ်သည်။