စခန်းများပိတ်သိမ်းမည့် စီမံချက်ကြောင့် နယ်စပ်ဒုက္ခသည်များ စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုကို ထိုင်းအာဏာပိုင်များက ၁၀ နှစ်အတွင်း အပြီးပိတ်သိမ်းရန် စီမံ ချက်ချမှတ်ထားပြီး၊ စခန်းတွင်းနေထိုင်သူများကို ဂဏန်း ၁၃ လုံးပါ ကတ်ပြားများ ထုတ်ပေးသွားမည် ဖြစ်သော် လည်း စစ်ဘေးရှောင်များအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြသည်။

ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၏ စီမံချက်အရ နယ်စပ်ရှိ ဒုက္ခသည်စခန်းအားလုံးကို ၅ နှစ်အတွင်း ပထမအဆင့် အဖြစ် စုစည်းပေါင်းရွှေ့မည်ဖြစ်ပြီး၊ ၁၀ နှစ်အတွင်းတွင် စခန်းအားလုံးကို အပြီးတိုင် ဖျက်သိမ်းသွားမည် ဖြစ်သည်။ 

အဆိုပါ အစီအစဉ်အပေါ် ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက စိုးရိမ် ခြင်းက ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ပြည်နယ် ပြန်လို့လည်း မရသေးဘူး။ ဒုက္ခလည်း ရောက်နေတယ် ဆိုတော့လေ ဟု ပြောသည်။

တစ်ဖက်တွင်လည်း ထိုင်းအစိုးရက သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဒုက္ခသည်စခန်းတွင်း နေထိုင်သူအားလုံးကို ဂဏန်း ၁၃ လုံးပါသည့် ကတ်ပြား ထုတ်ပေးရန် စီစဉ်နေသည်။ အဆိုပါ ကတ်ပြားရရှိပါက ပြင်ပသို့ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။

ထိုကတ်ပြားကြောင့် သွားလာခွင့်ရရှိမည့်အပေါ် ကြိုဆိုကြသော်လည်း စခန်းဖျက်သိမ်းမည့် ကိစ္စအပေါ် စိုးရိမ်နေ ရကြောင်း ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်းမှ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးက ပြောသည်။

လုပ်ချင်ကြမယ်လို့တော့ ထင်တာပဲ စစ်ဘေးရှောင်တွေ။ ဘာဖြစ်လဲဆိုတော့ လွတ်လွတ်လပ်လပ် သွားလာလို့ ရတာပေါ့။ ထိုင်းအစိုးရက လုပ်ပေးတယ် ဆိုတာကျတော့ ဒုက္ခသည်တွေ အတွက်တော့ တစ်မျိုးတော့ ကောင်း ပါတယ်။ ဒါပေမဲ့ ပိတ်သိမ်းမယ်ဆိုတာ ကြားတာနဲ့ တချို့လူတွေရဲ့ စိတ်မှာကျတော့ စိုးရိမ်ပူပန်နေကြတာ ပေါ့ နော်။ ဒုက္ခသည်တွေကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်တဲ့ သဘောနဲ့ သူတို့လုပ်ပေးတာလားတော့ မသိဘူး။ သူတို့ အစီအစဉ်နဲ့ သူတို့ သွားတာ ဦးလေးတို့လည်း မသိဘူးပေါ့နော်။ 

ဒုက္ခသည်များအနေဖြင့် နှစ်ပေါင်းများစွာ စခန်းတွင်း၌သာ နေထိုင်ခဲ့ရသဖြင့် အပြင်ထွက်အလုပ်လုပ်ရာတွင် ကြောက်ရွံ့မှုများနှင့် ပြဿနာအချို့ ရှိနေကြောင်း ကရင်နီဒုက္ခသည်ကော်မတီ (KnRC) ဥက္ကဋ္ဌ နေကော်ထူးက ထောက်ပြသည်။

ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာ ဘာမှမလုပ်ရဘဲနဲ့နေတော့ အခုအပြင်ထွက် အလုပ်လုပ်ရမှာဆိုတော့ သူတို့အတွက် အသစ်အဆန်းလည်း ဖြစ်တယ်။ ပြီးတော့လည်း သွားပြီးတော့ အလုပ်လုပ်တဲ့လူတွေ ကြုံတွေ့ ရတဲ့ဟာကြီးကလည်း ပြန်လည် ဝေမျှကြတော့ ကြောက်လန့်ကြပြီးတော့ မထွက်ချင်တာလည်း ပါတာပေါ့ နော်။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာရှိတဲ့ ပြဿနာတွေရော ပြီးတော့ ဘာသာစကား နားလည်မှု ကွဲလွဲမှု တွေရောပေါ့နော် 

အဆိုပါ ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ဒုက္ခသည်ကော်မတီများနှင့် ကူညီထောက်ပံ့သည့် အဖွဲ့အစည်းများ ပူးပေါင်းကာ လူထုကို ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိမြေပြင်တွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုမ်းဖန်မြို့နယ်ရှိ ‘နို့ဖိုး’ ဒုက္ခသည်စခန်းကို စတင်ပိတ်သိမ်းနေပြီ ဖြစ် ပြီး၊ စခန်းတွင်းရှိသူများကို ‘မယ်လ’ နှင့် ‘အုမ်းဖျန်’ ဒုက္ခသည်စခန်းနှစ်ခုသို့ ရွှေ့ပြောင်းပေါင်းစည်းနိုင်ရန် စာရင်း ကောက်ခံနေပြီဖြစ်သည်။ 

ထိုင်းအာဏာပိုင်များကလည်း အဆိုပါစခန်းနှစ်ခုရှိ အိမ်လွတ်များနှင့် နေရာကွက်လပ် စာရင်းများကို အရေးပေါ် ကောက်ယူရန် ညွှန်ကြားထားသည်။

ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးက စခန်းပေါင်းစည်းရေးနှင့် ဖျက်သိမ်းရေး လုပ်ငန်းစဉ်များ အတွက် UNHCR အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းနေသောကြောင့် မစိုးရိမ်ကြရန် တိုက်တွန်းထားသည်။

ဒီစခန်းပေါင်းစည်းရေးနဲ့ စခန်းဖျက်သိမ်းရေးကိစ္စမှာ ကျနော်တို့ရဲ့ ဒီစခန်းကို စီမံခန့်ခွဲတဲ့ ကျနော်တို့ ကရင် ဒုက္ခသည် ကော်မတီနဲ့ စခန်းကော်မတီ အပါအဝင်ပေါ့နော်၊ ဒီထိုင်းအာဏာပိုင်၊ နောက်ပြီးတော့ ဒီ NGO အဖွဲ့အစည်းတွေပေါ့နော်၊ ဒီဒုက္ခသည်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်း၊ UNHCR အပါအဝင် ပေါ့နော် ကျနော်တို့မှာ တာဝန်ရှိတယ်။ ကျနော်တို့လည်းပဲ ဆွေးနွေးပြီးတော့ ပြောဆိုနေပါတယ်ပေါ့နော်။ အဲဒီမှာ ဒုက္ခသည်တွေ ပူကြ မှာပဲပေါ့နော်။ ဒီကိစ္စကို သိပ်ပြီးတော့ မပူကြပါနဲ့လို့ ကျနော် ပြောချင်ပါတယ်။ 

အဆိုပါ ဂဏန်း ၁၃ လုံးကတ်ပြားကို အသက် ၅ နှစ်မှ ၇၀ နှစ်အတွင်းရှိသူများ မဖြစ်မနေ လျှောက်ထားရမည် ဖြစ်ပြီး၊ ကတ်ရရှိပါက မွေးဖွားခြင်း၊ သေဆုံးခြင်း မှတ်ပုံတင်ခြင်းနှင့် နေရပ်လိပ်စာ ပြောင်းလဲခြင်းများကို တရားဝင် လုပ်ဆောင်ခွင့်ရရှိမည် ဖြစ်သည်။

ထိုင်းအစိုးရက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ စစ်ဘေးရှောင်များကို စခန်းပြင်ပ၌ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပြုခဲ့ရာ၊ စတင်စတွင် လူဦးရေ ၁,၀၀၀ ကျော်သာ ရှိခဲ့သော်လည်း ယခုနှစ် မေလ အထိတွင် စခန်းပြင်ပထွက် အလုပ်လုပ်ကိုင်သူ အရေအတွက် ၆,၀၀၀ ခန့်အထိ တိုးလာကြောင်း KRC ၏ မှတ် တမ်းများအရ သိရသည်။