စစ်တပ်က အင်အားဖြည့် ထိုးစစ်ဆင်နေသဖြင့် ကချင်တွင် မြို့နယ် ၅ ခုထက်မနည်း၌ တိုက်ပွဲများ ပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်။
ကချင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများနှင့် တပ်စခန်းများကို ပြန်လည်ရယူရန် စစ်တပ်က စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပူတာအို အပါအဝင် မြို့နယ် ၅ မြို့နယ် ထက် မနည်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။
စစ်တပ်ဘက်မှ စစ်ရေးပြင်ဆင်မှုများနှင့်အတူ စစ်ကြောင်းထိုးဝင်ရောက်လာမှုများကြောင့် နှစ်ဖက်စစ်ရေး အပြင်းအထန် တင်းမာနေခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြောသည်။
“တင်းမာတဲ့ အနေအထားကတော့ ဝိုင်းမော်ဖက်တို့ ဖားကန့်ဖက်တို့ ပူတာအိုပေါ့ ပူတာအို ခေါင်လန်ဖူး နောက် အင်းတော်ကြီး အဲဒီနေရာမှာကတော့ အချင်းချင်း တင်းမာတဲ့ အနေအထား ဆက်ရှိတဲ့ အနေအထားတွေတော့ ရှိပါတယ်။”
လက်ရှိတွင် ပူတာအို၊ ဝိုင်းမော်၊ ဖားကန့်၊ ခေါင်လန်ဖူးနှင့် အင်းတော်ကြီးဒေသများအပြင် ဗန်းမော်မြို့နယ် အတွင်း၌လည်း စစ်ရေးတင်းမာလျက်ရှိပြီး စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုများ၊ ဒရုန်းနှင့် လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေသည်။
အထူးသဖြင့် ရွှေကူမြို့နယ်အတွင်း စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားနေသည်။
ရွှေကူမြို့နယ်တွင်း စစ်ရေးအခြေအနေနှင့်ပတ်သက်၍လည်း ဗိုလ်မှူးကြီး နော်ဘူက “တကယ့်တိုက်ပွဲ ရင်ဆိုင် ရတဲ့ဟာကတော့ ရွှေကူ – ငအိုး အဲဒီတစ်ကြောမှာကတော့ နေ့တိုင်းလို ရှိပါတယ်။ အဲလို အခြေအနေပါ” ဟု ဆက်ပြောသည်။
ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းကလည်း ရွှေကူမြို့နယ်၊ စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် KIO တိုက်နယ်ရုံး စိုက်ရာ နေရာတို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးရုံအဆောက်အအုံနှင့် အရပ်သားနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။
စစ်တပ်သည် တစ်ဖက်တွင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် သက်ဆိုင်ရာအစုအဖွဲ့အားလုံးနှင့် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးသွားမည်ဟု နိုင်ငံတကာသို့ ဟန်ပြပြောဆိုထားသော်လည်း မြေပြင်တွင်မူ ‘ရက် ၁၀၀ စီမံကိန်း’ ဟုဆိုကာ တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများကို လေကြောင်းနှင့် လက်နက်ကြီး အဓိကအားကိုးကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
အဆိုပါ ထိုးစစ်ဆင်မှုများကြောင့် စစ်ရေးပဋိပက္ခဒေသရှိ အရပ်သားပြည်သူများမှာ ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခြင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်များကို ယခင်ကထက် ပိုမိုဆိုးရွားစွာ ခံစားနေကြရသည်။