AA ထိုးစစ်ကြောင့် ရေကြည်အမြောက်တပ် အင်အားဖြည့်ခုခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဗျူဟာ မြောက် အမြှောက်တပ်ရင် တစ်ခုမှာ အာရက္ခ တပ်တော် (AA) ၏ ထိုးစစ်ကြောင့် ဆုတ်ခွာရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
မြောက်စမ်းကျေးရွာအခြေစိုက် အမတ (၃၄၄) အမြောက်တပ်မကျစေရန်အတွက် စစ်တပ်က ရေကြည်မြို့သို့ လက်နက်ကြီးနှင့် စစ်အင်အားများ အရေးပေါ် ဖြည့်တင်းလျက်ရှိကြောင်း ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။
စစ်တပ်သည် ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ပုသိမ်မြို့အခြေစိုက် တပ်ရင်းအချို့မှတစ်ဆင့် ရေကြည်နှင့် သာပေါင်းမြို့နယ်အစပ်ရှိ ဘုရားကြီးရွာ၊ ရွှေမော်ရွာနှင့် စက်ဒေါင့်ကြီးကျေးရွာများသို့ ငဝန်မြစ်အတိုင်း ဇက်ရေယာဉ်များဖြင့် လက်နက်ကြီးများနှင့် စစ်ခဲယမ်းများ ဖြည့်တင်းခဲ့သည်။
ရေကြည်ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ခုက မြေပြင်အခြေအနေနှင့် ပတ်သက်၍ “မြောက်စမ်းရွာ အမြောက်တပ်က စစ်တပ်မိသားစုတွေ ရွှေ့နေတယ်။ ကာကင်းစခန်း ငါးခုလောက်ကျထားတယ်” ဟု ပြော သည်။
ထို့ပြင် ဇွန်လ ၅ ရက်မှ ဇွန်လ ၁၄ ရက်အတွင်း စစ်သုံးကားကြီး ကိုးစီးဖြင့်လည်း ရေကြည်နှင့် သာပေါင်းမြို့နယ် များသို့ စစ်အင်အား ဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ရေကြည်ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ခုက “ဒီအခြေအနေ မှာ အမြောက်တပ်ထဲက အင်အား တချို့ သာပေါင်းရေကြည်အစပ်ကို သွားတာရှိတယ်။ အဲဒီက ရွာသုံးခုလောက် မှာလည်း လက်နက်ကြီး ယာယီ စခန်းတွေ လုပ်လာတယ်။ ရေကြည်ကိုအားဖြည့်မယ့် သဘောလို့ သိရတယ်။ အခုက ပုသိမ်တပ်ရင်းတွေက ငဝန်မြစ်အတိုင်းဆင်းလာတဲ့ စစ်တပ်ဇက်ရေယာဉ်တွေမှာ လက်နက်ကြီးတွေ ခဲယမ်းတွေတင်လာပြီး ဘုရားကြီး တို့ စက်ဒေါင့်ကြီးတို့မှာ အားဖြည့်ထားတာ အေအေကလည်းလစ်ရင်လစ်သလို ဖြတ်တိုက်နေတယ်” ဟု ပြော သည်။
လက်ရှိတွင် သာပေါင်းနှင့် ရေကြည်မြို့နယ်အစပ်၌ ထိတွေ့တိုက်ပွဲအချို့ ရှိနေပြီး၊ အသစ်ဖြည့်တင်းလိုက်သည့် စစ်အင်အားများနှင့် စစ်မှုထမ်းတပ်သားသစ်များသည် ရွှေရင်မျှော်ကုန်းနှင့် မရမ်းချိုကျေးရွာရှိ ကာကင်းစခန်း များတွင် ခံစစ်ပြင်ဆင်လျက် ရှိသည်။
ထို့အတူ သာပေါင်းနှင့် ရေကြည်ကြားရှိ မြေရဲကွင်းရွာနှင့် ရွှေမော်ရွာတို့တွင်လည်း ဇက်သင်္ဘောပေါ်မှ လက်နက် ကြီးများချကာ ယာယီအခြေချ စခန်းထိုင်ထားသည်။
အဆိုပါ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေစဉ်အတွင်း ဇွန်လ ၁၂ ရက်နေ့ ညပိုင်းက ဘုရားကြီးစခန်းမှ စစ်မှုထမ်း တပ်သားသစ်အချို့ ထွက်ပြေးသွားခဲ့သဖြင့် စစ်တပ်က လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ ထွက်ပြေးသူအချို့ ဒဏ်ရာ အပြင်းအထန်ရရှိခြင်းနှင့် သေဆုံးခြင်းများ ရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။