ရုရှားဒီဇယ်ဆီ ပြည်ပတင်ပို့မှု ချက်ချင်းပိတ်ပင်၊အမေရိကန် ဒီဇယ်စတော့ ဈေးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။ 

ရုရှားနိုင်ငံသည် ပြည်တွင်း၌ ကြုံတွေ့နေရသည့် စက်သုံးဆီပြတ်လပ်မှုပြဿနာကို ဖြေရှင်းရန်အတွက် ဒီဇယ်ဆီ ပြည်ပသို့ တင်ပို့မှုကို ချက်ချင်းပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သည်။ 

အဆိုပါကြေညာချက် ထွက်ပေါ်လာပြီးနောက် အမေရိကန်၏ အနာဂတ်ဒီဇယ်ဆီဈေးကွက် (Diesel Futures) တွင် ဈေးနှုန်းများသည် ၁၁ ဒသမ ၆ ရာခိုင်နှုန်းအထိ တဟုန်ထိုးမြင့်တက်သွားခဲ့သည်။  

ယင်းမှာ ပြီးခဲ့သည့် ၄ နှစ်အတွင်း တစ်ရက်အတွင်း ဈေးနှုန်းအမြင့်ဆုံး ခုန်တက်မှုဖြစ်ခဲ့သည်။ 

အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံထံမှ စက်သုံးဆီ တိုက်ရိုက်တင်သွင်းခြင်းမရှိသော်လည်း၊ ရုရှားဆီကို အားကိုးနေရသည့် အခြားနိုင်ငံများအနေဖြင့် အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများထံ ပြောင်းလဲဝယ်ယူကြရမည်ဖြစ်သောကြောင့် ကမ္ဘာ့ဒီဇယ်ဈေးကွက်တွင် ပိုမိုကျပ်တည်းသွားစေမည်ဖြစ်သည်။

လက်ရှိတွင် ရုရှားနိုင်ငံတစ်ဝန်း စက်သုံးဆီပြတ်လပ်မှုပြဿနာနှင့် ရင်ဆိုင်နေရပြီး၊ မြို့တော်မော်စကိုရှိ ဆီဆိုင်တိုင်းလိုလိုတွင် မော်တော်ယာဉ်များ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေရကာ ဆီပြတ်လပ်မှုကြောင့် ပိတ်ထားရသည့် ဆီဆိုင်များလည်း ရှိနေသည်။ 

အချို့ဒေသများတွင် စက်သုံးဆီကို ကန့်သတ်ချက်ဖြင့် ရိက္ခာသဖွယ် ခွဲတမ်းချရောင်းချနေရပြီး ဘတ်စ်ကားပြေးဆွဲမှုများနှင့် အမှိုက်သိမ်းစနစ်များကို လျှော့ချထားရကာ၊ လယ်သမားများကလည်း လာမည့်ရိတ်သိမ်းချိန်အတွက် စိုးရိမ်ပူပန်နေကြသည်။

သမ္မတ ပူတင်ကမူ ယခုဆီပြတ်လပ်မှုသည် ပြဿနာတစ်ခုဖြစ်သော်လည်း စိုးရိမ်စရာမရှိကြောင်း ပြည်သူများကို ပြောဆိုထားပြီး၊ ဆီတင်သွင်းမှုတိုးမြှင့်ခြင်းနှင့် ဆီဈေးနှုန်းထောက်ပံ့ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ 

လေ့လာသုံးသပ်သူများကမူ ယခုလောင်စာဆီအကျပ်အတည်းကြောင့် သမ္မတပူတင်အနေဖြင့် ယူကရိန်းစစ်ပွဲကို လက်လျှော့မည်မဟုတ်ကြောင်း သုံးသပ်ကြသည်။ 

လတ်တလောကောက်ယူထားသည့် စစ်တမ်းများအရ စီးပွားရေးကျဆင်းမှုကြောင့် သမ္မတပူတင်အပေါ် ပြည်သူလူထု၏ ထောက်ခံမှုမှာ ၇၄ ရာခိုင်နှုန်းအထိ ကျဆင်းလာနေသည်။