စစ်တွေမြို့ဝင်ဂိတ်များတွင် မွတ်ဆလင်များထံမှ စစ်တပ် ငွေကြေးတောင်းခံနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။

ရခိုင်ပြည်၊ မြို့တော်စစ်တွေတွင် စစ်တပ်က မြို့အဝင်ဂိတ်များ၌ လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ ပြုလုပ် နေပြီး မြို့ပေါ်သို့ တက်ရောက်လိုသည့် မွတ်ဆလင်များထံမှ ငွေကြေးတောင်းခံမှုများ ရှိနေသည်။ 

ဇွန်လ ဒုတိယအပတ်မှစတင်၍ စစ်တပ်က ဂိတ်များဖွင့်ကာ စစ်ဆေးမှုများပြုလုပ်ရာတွင် မွတ်ဆလင်များကို ငွေတောင်းခြင်း၊ ရိုက်နှက်စစ်ဆေးခြင်းနှင့် ပစ္စည်းသိမ်းဆည်းခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောပြသည်။ 

စစ်တွေမြို့ပေါ်ရှိ ဈေးသို့လာရောက်သူများနှင့် ဆေးခန်းပြသသူများကို စစ်တပ်က စစ်ဆေးပြီး ငွေကြေးတောင်း ခံ နေသဖြင့် အချို့မှာ မြို့ပေါ်သို့ လာရောက်နိုင်ခြင်း မရှိတော့ပေ။

စစ်တွေမြို့ပေါ်က ဈေးကိုလာတဲ့ မွတ်ဆလင်တွေ၊ ဆေးခန်းပြမယ့်သူတွေကို စစ်ဆေးပြီး ငွေတောင်းနေလို့ တချို့မလာနိုင်ကြဘူး။ ဒုက္ခသည်စခန်းကသူတွေကိုလည်း စစ်နေတယ်၊ ဘာသဘောတော့မသိဘူး ဟု စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အာရက္ခတပ်တော် (AA) ဝင်ရောက်လာနိုင်သည် ဟူသော အကြောင်းပြချက်ဖြင့် စစ်တပ်က စစ်တွေမြို့အဝင် မီးစက်ကြီးခွဆုံ၊ အစိုးရအဖွဲ့ရုံးအနီး၊ ဘုမေရွာအနီးနှင့် စစ်တွေတက္ကသိုလ်အနီးတို့တွင် ဂိတ်များဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိသည်။ 

ထိုစစ်ဆေးမှုများအတွင်း ရခိုင်တိုင်းရင်းသားများကိုလည်း ရံဖန်ရံခါ စစ်ဆေးမှုများ ရှိနေသည်။

စစ်တွေမြို့ အနောက်ဘက်ခြမ်းရှိ မွတ်ဆလင်ဒုက္ခသည် စခန်းများနှင့် ကျေးရွာများမှ ဒေသခံများသည် ဈေးဝယ် ခြင်းနှင့် ဆေးကုသခြင်းအတွက် အခက်အခဲများစွာ ကြုံတွေ့နေရပြီး စစ်ဆေးရေးဂိတ်များတွင် ငွေကြေးပေး ဆောင်နေကြရသည်။

ဒေသခံ ရခိုင်တိုင်းရင်းသားတစ်ဦးက တစ်ခါတလေ စစ်တွေအနီးဝန်းကျင်မှာ ကျနော်တို့ ရခိုင်တွေကိုတောင် စစ်ပါတယ်။ အခုက စစ်တွေအထွက်က မွတ်ဆလင်ရွာ တချို့ အဝင်နေရာတွေမှာပါ ဂိတ်တချို့ရှိလာတယ်။ မွတ်ဆလင်တစ်ယောက်ကို သုံးထောင်ကနေ ငါးထောင်အထိ ပေးရတယ်လို့ သိရပါတယ် ဟု ပြောသည်။

ထို့ပြင် စစ်တပ်က မူးယစ်ဆေးဝါး ရောင်းချသူဟု စွပ်စွဲကာ စစ်တွေမြို့နယ်၊ သက္ကေပြင် (မွတ်ဆလင်) ကျေးရွာမှ ဇော်မိရ်ဟူဆောင်း (အသက် ၃၇ နှစ်) ကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့သည်။ 

ပြီးခဲ့သည့် ဇွန်လ ၁ ရက်ကလည်း ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီး ခဲ့ပြီး၊ ထိုအထဲမှ ငွေကြေးပေးနိုင်သူအချို့သာ ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

စစ်တွေမြို့ဝန်းကျင်တွင် မွတ်ဆလင် ဒုက္ခသည်စခန်း ၂၀ ခန့်နှင့် ကျေးရွာ ၁၀ ရွာ ကျော် တည်ရှိနေသည်။