တရုတ်နိုင်ငံသားများ ပြည်ပထွက်ခွာခွင့် စည်းမျဉ်းသစ် တင်းကျပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
တရုတ်အစိုးရသည် အမျိုးသားလုံခြုံရေးနှင့် နည်းပညာ ထိန်းချုပ်မှုဆိုင်ရာ စည်းမျဉ်းသစ်များကို အကြောင်းပြ၍ နိုင်ငံသားများ ပြည်ပထွက်ခွာခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို စက်တင်ဘာ ၁၅ ရက်တွင် စတင်ကျင့်သုံးလိုက်သည်။
စက်တင်ဘာ ၁၅ ရက်တွင် စတင်အသက်ဝင်သည့် စည်းမျဉ်းသစ်များအရ ပြည်ပ၌ ရောက်ရှိစဉ် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်အောင် ပြုလုပ်ခဲ့သည်ဟု ယူဆရသူများကို ပြည်တွင်းသို့ ပြန်လည်ရောက်ရှိချိန်၌ ၃ နှစ်အထိ ပြည်ပထွက်ခွာခွင့် ပိတ်ပင်နိုင်မည်ဖြစ်သည်။
ထို့ပြင် နည်းပညာ တင်သွင်း/တင်ပို့မှုဆိုင်ရာ စည်းမျဉ်းများ ဖောက်ဖျက်သူများကိုလည်း ပြည်ပထွက်ခွာခွင့် တားမြစ်သွားမည်ဖြစ်သည်။
တရုတ်အာဏာပိုင်များဘက်ကမူ ယင်းစည်းမျဉ်းများသည် အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ရန်၊ ပြည်ပ၌ လိမ်လည်လှည့်ဖြားခံရမှုနှင့် တရားမဝင် လောင်းကစားပွဲများတွင် ပါဝင်ခြင်းမှ ကာကွယ်ရန်ဖြစ်ပြီး အများပြည်သူအပေါ် ထိခိုက်မှုမရှိဟု ထုတ်ပြန်ထားသည်။
သို့သော်လည်း ပြည်ပရောက် တရုတ်နိုင်ငံသားများ၏ ပြောဆိုလှုပ်ရှားမှုများကို ပိုမိုထိန်းချုပ်ရန်နှင့် အစိုးရကို ဝေဖန်သူများကို ဖိအားပေးရန် ဖန်တီးလိုက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ထောက်ပြကြသည်။
Safeguard Defenders အဖွဲ့၏ အချက်အလက်များအရ တရုတ်နိုင်ငံ၌ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံရသည့် ဖြစ်စဉ်သည် ၂၀၁၆ ခုနှစ်တွင် ၈၉ ခုသာ ရှိခဲ့သော်လည်း လွန်ခဲ့သည့်နှစ်တွင် ၁ သိန်း ၈ သောင်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
Photo:Qilai Shen/Bloomberg