ရခိုင်တွင် ငွေသားပြတ်လပ်မှုကြောင့် ငွေထုတ်ခ မြင့်တက်

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့၌ ဒေသတွင်း ငွေကြေးလည်ပတ် စီးဆင်းမှု နည်းပါးလာပြီး လက်ငင်းငွေသား ရရှိရန် ခက်ခဲနေသဖြင့် ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်ခများ မြင့်တက် လာနေသည်ဟု ဒေသခံများက ပြောသည်။

ပြည်ပနှင့် အခြားဒေသများမှ AA ထိန်းချုပ်နယ်မြေများသို့ ငွေလွှဲပို့ရာတွင် ယခင်က ငွေတစ်သိန်းလျှင် ဝန်ဆောင် ခ ၅,၀၀၀ ကျပ်ကျော်မှ ရာခိုင်နှုန်း အဆင့်ဆင့် တိုးမြင့်လာခဲ့ပြီး ယခု စက်တင်ဘာလ နောက်ဆုံးပတ်တွင် တစ်သိန်းလျှင် ၇,၀၀၀ ကျပ်အထိ ဝန်ဆောင်ခ ပေးနေရကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် သယ်ယူပို့ဆောင် ရေး ထိန်းချုပ်ခံထားရမှုများကြောင့် ဒေသတွင်း၌ စီးပွားရေး လုပ်ကိုင်ရခက်ခဲကာ ပြည်ပရောက် မိသားစုဝင်များ လှေခါးထစ်ပေးပို့သည့် ငွေကြေးကိုသာ အဓိက အားထားနေရသူများမှာ ငွေထုတ်ခ မြင့်တက်လာသည့်အတွက် ထပ်မံ အခက်တွေ့နေကြရသည်။

ရခိုင်ပြည်တောင်ပိုင်းတွင် နေထိုင်သည့် ဒေသခံ အမျိုးသမီးတစ်ဦးက အခု ကျမတို့ဒေသမှာ စီးပွားရေးလည်း မကောင်းဘူး နေ့စဉ်လိုလို ဗုံးကြဲနေတာကြောင့် လုပ်စားလို့က ဘာမှမရဘူး။ ပင်လယ်ဆင်းတာ၊ လယ်စိုက်တာ လည်း မအောင်မြင်ဘူး။ အဲတော့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သားသမီးတွေ၊ တခြားနေရာမှာ လုပ်နေကြတဲ့ ဆွေမျိုးတွေ၊ လင်တွေ၊ မိသားစုတွေဆီက ငွေကို အားထားပြီး စားနေရတာ။ အဲအချိန်မှာ ငွေလွှဲခတွေက ဈေး တက်လာတယ်။ တစ်သိန်းကို ခုနစ်ထောင်လောက် ပေးနေရတယ်။ အဲဒါ နေရာတိုင်းမှာမရ၊ ထုတ်မယ့် နေရာကို မိုင်ချီပြီး သွားထုတ်ရတာပါ။ တော်တော် ခက်ခဲပါတယ် ဟု ပြောသည်။

ထို့ပြင် ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်တွင် KBZ Bank ၏ စနစ်အဆင့်မြှင့်တင်မှု ပြုလုပ်ပြီးနောက် KPay နှင့် KBZ ဘဏ် ဒစ်ဂျစ်တယ် ဝန်ဆောင်မှု အကောင့်အချို့ ပိတ်ပင်ခံရခြင်း သို့မဟုတ် အသုံးပြုခွင့် ကန့်သတ်ခံရခြင်းတို့ ကြောင့် ငွေလွှဲဝန်ဆောင်မှု လုပ်ကိုင်သူများအနေဖြင့် လက်ငင်းငွေသား ထုတ်ပေးရာတွင် ပိုမို ကြန့်ကြာ ခက်ခဲ လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ငွေထုတ်ခများ ဆက်တိုက်မြင့်တက်ပြီး ငွေသားရှားပါးလာရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဒေသတွင်း ငွေလွှဲဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးက ယခုကဲ့သို့ ပြောသည်။

လမ်းကြောင်းတွေ ပိတ်ထားတော့ ဒေသတစ်ခုနဲ့တစ်ခု ငွေသားသယ်ဖို့က တော်တော်ခက်တယ်။ အပြင်မှာ ငွေစက္ကူအသစ် လည်ပတ်မှု မရှိသလောက်ဖြစ်နေသလို တဖက်မှာလည်း ဘဏ် KPay အကောင့်တွေ ကြာ ခဏ အပိတ်ခံရတာ၊ ကန့်သတ်ခံရတာတွေ ရှိတယ်။ ငွေထုတ်ပေးမယ့်သူတွေဘက်မှာ လက်ငင်းငွေသားရဖို့ အရင်းအနှီးနဲ့ သွားရေးလာရေးစရိတ် ပိုများလာတဲ့အခါ ဝန်ဆောင်ခကို တိုးယူရတော့တာပါ

အခြားတစ်ဖက်တွင်လည်း ငွေသား ရှားပါးမှုနှင့်အတူ လက်ရှိ လည်ပတ်နေသည့် ငွေစက္ကူများအနက် ဟောင်း နွမ်း စုတ်ပြဲနေသော ငွေစက္ကူများကို အချို့သော စျေးဆိုင်များက လက်ခံရန် ငြင်းဆန်ကြသဖြင့် လက်ထဲတွင် ငွေရှိနေသော်လည်း လိုအပ်သည့် ကုန်ပစ္စည်းများကို ချက်ချင်း ဝယ်ယူ၍ မရသည့် အခြေအနေများနှင့်လည်း ကြုံတွေ့နေရသည်။

လက်ရှိတွင် ပြည်ပရောက် မိသားစုဝင်များ၏ ထောက်ပံ့ငွေဖြင့် မိသားစု စားဝတ်နေရေး၊ ကလေးများ၏ ပညာ ရေးနှင့် ဆေးဝါးစရိတ်များအတွက် တိုက်ရိုက် သုံးစွဲနေရသည့် အိမ်ထောင်စုများမှာ အပိုကုန်ကျစရိတ်များ ပေးဆောင်နေရသဖြင့် ငွေသားစီးဆင်းမှု ပုံမှန်ဖြစ်ရေးနှင့် ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှု အခက်အခဲများကို အမြန်ဆုံး ဖြေရှင်းပေးရန် လိုအပ်နေကြောင်း ဒေသခံများက ထောက်ပြထားကြသည်။

ဓာတ်ပုံ – (AFP / မြန်မာငွေစက္ကူ ရေတွက်နေသူတစ်ဦးအား ၂၀၂၁ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။)