မကွေးတိုင်းအတွင်း ထွက်ပြေးသည့် ဘက်ပြောင်းရဲဘော်နှင့် စစ်သုံ့ပန်းများ ပြန်လည်ဖမ်းဆီးရမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ တော်လှန်ရေးအကျဉ်းစခန်းတစ်ခုမှ စစ်သုံ့ပန်းများကို ခေါ်ဆောင်ကာ စစ်အုပ်စုဆီ ဘက်ပြောင်းရန် ထွက်ပြေးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် စစ်သုံ့ပန်း အများစုကို တော်လှန်ရေးတပ်များက ပြန်လည်ဖမ်းဆီးရမိလိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့က မကွေးတိုင်းဆေးတပ်ဖွဲ့မှ ရဲဘော်ဖိုးသားဆိုသူသည် ကင်းတာဝန်ကျ စဥ် တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၁၃ ဦးကို ခေါ်ဆောင်ထွက်ပြေးခဲ့ပြီး အခြား PDF ရဲဘော် ၃ ဦးကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သော သုံ့ပန်းများနှင့် ရဲဘော်ဖိုးသားကို တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေခံ သတင်းအချက်အလက်များရယူကာ အပြင်းအထန် လိုက်လံရှာဖွေခဲ့ရာ အောက်တိုဘာလ ၂၆ ရက်နေ့ တွင် ရဲဘော်ဖိုးသားကို ပြန်လည်ဖမ်းဆီးရမိခဲ့သလို ခေါ်ထုတ်သွားခဲ့သည့် စစ်သုံ့ပန်း ၁၃ ဦးအနက် ၁၀ ဦးကို လည်း ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မြေပြင်သတင်းရင်းမြစ်တစ်ဦးက “သူတို့ကို ဖမ်းမိပြီဗျ။ ပေါက်နဲ့ ဆောကြားမှာ ပြန်မိတာ။ အခု လွတ်နေတဲ့သူ တွေကိုလည်း ထပ်ပြီးရှာနေကြတယ်။ ဓါးစာခံအဖြစ် ဖမ်းသွားတဲ့ ရဲဘော် ၃ ယောက်ကိုလည်း ပြန်ကယ်နိုင်ခဲ့ တယ်လို့ ပြောတယ်ဗျ” ဟု ပြောသည်။

ထို့ပြင် အဆိုပါ ဖြစ်စဉ်အတွင်း ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် PDF ရဲဘော် ၃ ဦးကိုလည်း ဘေးကင်းလုံခြုံ စွာဖြင့် ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး၊ လက်ရှိတွင် လွတ်မြောက်နေဆဲ ကျန်ရှိနေသေးသော စစ်သုံ့ပန်း ၃ ဦးကို လည်း တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက်ရှာဖွေ နေကြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ဒီလို သုံ့ပန်းတွေနဲ့အတူ တပ်ဖွဲ့ဝင် တစ်ယောက်ပါ ထွက်ပြေးသွားတာဟာ လုံခြုံရေးအရရော စည်းကမ်းပိုင်းဆိုင်ရာအရပါ အရေးကြီးတဲ့ သင်ခန်း စာတစ်ခုပါပဲ။ သတင်းအချက်အလက် တိတိကျကျနဲ့ ပြန်ဖမ်းမိလို့သာ တော်သေးတာပေါ့၊ မဟုတ်ရင် လုံခြုံရေးပိုင်းမှာ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်သွားနိုင်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းခဲ့ကြသည့် စစ်သုံ့ပန်းများသည် ပြီးခဲ့သည့် ဇွန်လအတွင်းက ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ ရဲစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များက အရှင် ဖမ်းဆီးရမိခဲ့ကြသူများ ဖြစ်ကြသည်။

မကွေးတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာနယ်မြေများတွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ ယခုကဲ့ သို့ စစ်သုံ့ပန်းထိန်းသိမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်ကာ တော်လှန်ရေး အင်အားစု များအနေဖြင့် အကျဉ်းစခန်းလုံခြုံရေးများကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

ဓါတ်ပုံ – (ဇွန်လ ၁၀ ရက်နေ့က တော်လှန်ရေးတပ်များ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများ။ / ပြည်သူ့ကာကွယ် ရေးတပ်မတော် – PDF)